ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် အသီးသီး၌ ကျောင်းသား၊ကျောင်းသူများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ် အသီးသီး၌ ကျောင်းသား၊ကျောင်းသူများ တက်ရောက်






MNP - မေ   ၁၃


ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်မြို့ရှိ ပြည်တက္ကသိုလ်၊ ပြည်နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်(ပြည်)နှင့် ပြည်ပညာရေး ဒီဂရီကောလိပ်တို့အား ယမန်နေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပြီဖြစ်ရာ အဆိုပါ ကျောင်းအသီးသီး၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ယူလျက် ရှိကြောင်း သိရသည်။


ပြည်မြို့ရှိ အဆိုပါ တက္ကသိုလ်/ဒီဂရီကောလိပ် (၄)ခုအနက် ပြည်တက္ကသိုလ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် အတန်းပေါင်း (၁၀)တန်းဖြစ်ကြောင်း၊ ယခုမေ ၁၂ရက်ကစတင်၍ (ပထမနှစ်) နှစ်တန်း၊ (ဒုတိယနှစ်၊ တတိယနှစ်၊ ပဉ္စမနှစ်၊ ပထမနှစ်(ဂုဏ်ထူးတန်း)၊ တတိယနှစ် (ဂုဏ်ထူး တန်း)၊ မဟာအရည်အချင်းစစ်သင်တန်း) နှင့် (မဟာပထမနှစ်၊ မဟာဒုတိယနှစ်) သင်တန်းတို့ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ပြည်တက္ကသိုလ်တွင် လက်ရှိ ကျောင်းဝင်မှတ်ပုံတင်ဦးရေ (၆၀၉)ဦးရှိသည့်အနက် အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ရှိ သန္တာဆောင်၊ ရတနာဆောင်နှင့် နဝဒေးဆောင် တို့တွင် ထားရှိမှာဖြစ်ပြီး လက်ရှိတွင် (၈၄)ဦးဆံ့ နဝဒေးဆောင်တွင် ကျောင်းသား ၂၀ကျော် ဝင်ရောက်နေပြီဖြစ်ကြောင်း၊ အမျိုးသမီးဆောင်များဖြစ်သည့် ၁၉၂ဦးဆံ့ သန္တာဆောင်တွင် ကျောင်းသူ ၁၀၀ ကျော် ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် ပထမနှစ်ကျောင်းသူများထားရှိမည့် ရတနာဆောင်တွင် နေထိုင်ခွင့် လျှောက်ထားသည့် ကျောင်းသူ ၁၄၀ကျော်အား ယနေ့တွင် စတင်နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း ပြည်တက္ကသိုလ် သင်တန်းရေးရာဌာနမှ (မော်ကွန်းထိန်း) ဦးတင်ထွေးက ပြောသည်။


ထို့အတူ ပြည်ပညာရေး ဒီဂရီကောလိပ်တွင်  ပထမနှစ်(ပထမနှစ်ဝက်)သင်တန်း၌ ကျောင်းသားကျောင်းသူ(၁၀၃)ဦးနှင့် ပထမနှစ်(ဒုတိယနှစ်ဝက်)သင်တန်း၌ ကျောင်းသား၊ ကျောင်းသူ (၆၁)ဦး စုစုပေါင်း (၁၆၄)ဦးရှိကာ ယနေ့ထပ်မံ လာရောက်အပ်နှံသူများလည်းရှိပြီး ၎င်းတို့အား ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ပါမောက္ခများ အပါအဝင် ဆရာ၊ ဆရာမပေါင်း (၅၃)ဦးဖြင့် သင်ကြားရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအပြင် (ပညာရေးဘွဲ့) ဘီအီးဒီ စာပေးစာယူ သင်တန်း (၂၄၀)ဦးကိုလည်း သင်ကြားပေးလျက်ရှိသည့်အတွက် လက်ရှိတွင် ပြည်ပညာရေး ဒီဂရီကောလိပ်၌ စုစုပေါင်း (၄၀၄)ဦး တက်‌ရောက် ပညာသင်ယူလျက်ရှိကြောင်းနှင့် ၎င်းတို့နေထိုင်ရန် အဆောင်များ စီစဉ်ဆောင်ရွက်ထားရှိပေးကြောင်း ပြည်ပညာရေးဒီဂရီကောလိပ်၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ဝင်းက ပြောသည်။


၎င်းအပြင် ကွန်ပျူတာတက္ကသိုလ်(ပြည်)တွင် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူ အသစ်များအား ယနေ့နံနက်ပိုင်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပရာ ကျောင်းသားကျောင်းသူ (၇၀)ကျော် တက်ရောက်ကြောင်းနှင့်   ပြည်နည်းပညာ တက္ကသိုလ်တွင်လည်း ယမန်နေ့နံနက်ပိုင်းက အလားတူ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ကျင်းပရာ ကျောင်းသားကျောင်းသူ (၆၀)ခန့် တက်ရောက်ကာ ယင်းနည်းပညာတက္ကသိုလ်တွင် အတန်းစဉ်အလိုက် မဟာတန်းအထိ ယခုလက်ရှိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၂၃၄)ဦး တက်ရောက်ကြောင်း သိရပြီး အဆိုပါ တက္ကသိုလ်/ဒီဂရီ ကောလိပ်အသီးသီး၌ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ သင်ကြား၊သင်ယူ ဆောင်ရွက်နေမှုအား ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - ကိုဆက်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)