MNP - မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးသည် ခရိုင်၊ မြို့နယ်အဆင့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့် အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရေးအတွက် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံများသို့ ရောက်ရှိပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး မုံရွာမြို့ အ.ထ.က-၃ တွင် အစိုးရဓမ္မစရိယ စာမေးပွဲ ဖြေဆိုနေသော သံဃာတော်များနှင့် သီလရှင်များအား ကြည့်ရှုအားပေးဖူးမြှော်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မုံရွာခရိုင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးနှင့် အဖွဲ့သည် မုံရွာမြို့ ရုံးကြီးရပ်ကွက် သစ်တောလမ်းရှိ စိုပြေပုဂ္ဂလိကဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအုပ်ချုပ်သူနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အဆိုပါ ဆေးရုံတွင် ကျန်းမာရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေမှု ပတ်သက်၍ ကျန်းမာရေးကုသရေးလုပ်ငန်းလိုင်စင် ရှိ/မရှိ အထူးကုဆရာဝန်များ၊ ဆရာဝန်များနှင့် ဝန်ထမ်းများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ ဆေးဝါးနှင့် ကျန်းမာရေးသုံး စက်ပစ္စည်းများ စုံလင်စွာ ရှိ/မရှိ ဆေးဝါးရောင်းချခွင့် လိုင်စင် ရှိ/မရှိ စည်ပင်အခွန် ပေးဆောင်မှု ရှိ/မရှိတို့နှင့် ဆေးရုံ လုံခြုံရေးအဖွဲ့ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရေဆိုးစွန့်ပစ်မှုအခြေအနေ၊ အမှိုက်သရိုက်များ စည်းကမ်းတကျ စွန့်ပစ်မှုအခြေအနေတို့အပြင် ဆေးရုံအတွင်းရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ခွဲစိတ်ခန်းတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး မုံရွာမြို့ ဘုန်းစိုးရပ်ကွက် ပေ ၈၀ လမ်းရှိ မေတ္တာဦးပုဂ္ဂလိကဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအုပ်ချုပ်သူနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အဆိုပါ မေတ္တာဦး ပုဂ္ဂလိကဆေးရုံသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ တို့အား အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မုံရွာမြို့ အ.ထ.က-၃ တွင် ၁၃၈၄ ခုနှစ် ၂၀၂၂ ခုနှစ် အစိုးရဓမ္မစရိယ စာမေးပွဲတွင် တတိယနေ့အဖြစ် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာဘာသာရပ် ဖြေဆိုနေသော သံဃာတော် ၁၁၇ ပါးနှင့် သီလရှင် ၁၆ ပါး တို့အား ကြည့်ရှုအားပေးဖူးမြှော်ခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment