အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည့် ကိုဗစ်-၁၉ ရောဂါနှင့် မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည့် ကိုဗစ်-၁၉ ရောဂါနှင့် မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ ဇူလိုင် ၂၆

အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်သည့် ကိုဗစ်-၁၉ ရောဂါနှင့် မျောက်ကျောက်ရောဂါတို့နှင့်ပတ်သက်၍ နှီးနွယ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပသည်။


ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါလှိုင်းကို လက်ရှိတွင် ထိန်းချုပ်ထားနိုင်သည့် အနေအထားတွင်ရှိသော်လည်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်မှုများသည် ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ BA.4 နှင့် BA.5 သည် ရောဂါပြင်းထန်မှုနည်းပြီး သေဆုံးမှုနည်းသော်လည်း ကူးစက်မှုနှုန်းမြင့်မားကြောင်း တွေ့ရှိရသဖြင့် ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ၊ မျိုးရိုးဗီဇသစ်ရှာဖွေခြင်း (Genomic Sequencing) လုပ်ငန်းများကို အရှိန် အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုပါကြောင်း။


ယခုအချိန်တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ၌ ရောဂါပိုးတွေ့နှုန်း မြင့်တက်လာသဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းနှင့် ပတ်သက်သော လုပ်ငန်းလမ်းညွှန် များကို ပြင်ဆင်မှုများပြုလုပ်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ရန်လိုအပ်ပြီး တစ်ပြိုင်နက်တည်းတွင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ မထိခိုက်စေရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ ရာသီတုပ်ကွေးရောဂါနှင့် မျောက်ကျောက်ရောဂါ ကာကွယ်ရေးနည်းလမ်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့် သဘော သဘာဝအားဖြင့် တူညီသည့်အတွက် တစ်ဦးချင်းလိုက်နာရမည့် ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်အရေးကြီးပါကြောင်း၊ မျောက်ကျောက် ရောဂါသည် ယခင်က ဖြစ်ပွားလေ့မရှိသောနိုင်ငံများ (Non-endemic countries)၌ပါ ရောဂါပျံ့နှံ့လာသဖြင့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern) အဖြစ် ဇူလိုင် ၂၃ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေဆန်းစစ်ချက် (WHO Risk Assessment)အရ မြန်မာနိုင်ငံတွင် လတ်တလော ရောဂါကူးစက်ဖြစ်ပွားသူ မတွေ့ရှိရသေးပါ သဖြင့် အုပ်စု(၁)တွင်ပါဝင်လျက်ရှိပြီး ပြည်ပနိုင်ငံများမှတစ်ဆင့် ရောဂါကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။


မိမိတို့၏ အိမ်နီးချင်းနှင့် ကူးလူးဆက်ဆံမှုများပြားရာ နိုင်ငံများဖြစ်သော အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံများတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူများ တွေ့ရှိရသဖြင့် မျောက်ကျောက် ရောဂါကာကွယ်ထိန်းချုပ်ရေးကို နှီးနွယ်ဌာနများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း၊ မျောက်ကျောက်ရောဂါအတွက် ကာကွယ်ဆေးရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်သော်လည်းကောင်း၊ အာဆီယံအဖွဲ့နှင့် သော်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေ အနေသတ်မှတ်ထားရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က မျောက်ကျောက်ရောဂါ နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး ကာကွယ်ရေးဝန်ကြီး ဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) သတင်း နည်းပညာဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ ဝန်ကြီးဌာနအလိုက် ပြင်ဆင်ထားရှိမှုများနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ဖြည့်စွက်ဆွေးနွေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နိဂုံးချုပ်လမ်းညွှန် စကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)