MNP - ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ခါးတက္ကန်ကျေးရွာတွင် စိုက်ဧက ၇၀၀ ကျော်အကျိုးမည့် ကျေးလက်ကုန်ထုတ်လမ်းကို ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရေး နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေကျပ် ၁၃၁.၄၅၉ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး ထွန်းငွေခိုင်ကုမ္ပဏီမှ တာဝန်ယူပြီး ဝမ်းတွင်းမြို့နယ် ခါးတက္ကန်ကျေးရွာ၏ မြောက်ဘက် ကွင်းအမှတ် ၁၂၃၉ သို့သွားသော ကျေးလက်ကုန်ထုတ်လမ်း အရှည် (၁/၇)မိုင် အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိ ဂျင်းခင်းခြင်းလုပ်ငန်း၊ ထု ၂ ပေရှိ မြေသားခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁၈ ပေ၊ အကျယ် ၅ပေ ၃လက်မ၊ အမြင့် ၅ ပေ ၉ လက်မရှိ Slab Culvert (၈)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဇူလိုင် ၄ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ခါးတက္ကန်ကျေးရွာရှိ လယ်ယာစိုက်ဧက ၇၀၂ ဧကတို့အား အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
သတင်း - သိန်းမြင့်ကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment