MNP - ဇူလိုင် ၁၇
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ပူးပေါင်း၍ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင်အောင်ပွဲရ ကချင်ပြည်နယ်လက်ရွေးစင်အသင်းကစားသမားများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားလေဆိပ်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါ အောင်ပွဲရ ပြည်နယ်လက်ရွေးစင်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာ နမှ အရာထမ်း/အမှုထမ်းများ၊ ပြည်နယ်အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ မြစ်ကြီးနားလေဆိပ်၌ အောင်ပွဲရ ပြည်နယ်လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမားများအား ပန်းပွားအကများ၊ ရှမ်းရိုးရာအတီးအမှုတ်များဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လက်ရွေးစင်ပိုက်ကျော် ခြင်းအသင်း၏ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများအား ပြည်နယ်အတွက် နှစ်ယောက် တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုထပ်မံရယူခဲ့ကြပြီး ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆက်လက်၍လည်း မိမိတို့ရရှိထားသည့် ရွှေတံဆိပ်ဆုကို ထိန်းသိမ်းနိုင်ရန်နှင့် နောင်လာမည့် ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားကြရန် လိုကြောင်း ဂုဏ်ပြုပြောကြားပြီး အုပ်ချုပ်သူတစ်ဦးက ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြကာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရင်းရင်းနှီးနှီး နှုတ်ဆက်ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ အောင်ပွဲရပြည်နယ်လက်ရွေးစင် ပိုက်ကျော်ခြင်းအသင်းအနေဖြင့် ဇူလိုင် ၅ ရက်မှ ဇူလိုင် ၁၅ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ၊ သုံးယောက်တွဲ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသမီးဂေါက်သီးရိုက်အသင်း၊ အေရိုးဗစ်အသင်းနှင့် အမျိုးသမီးဘောလီ ဘောအသင်းတို့သည်လည်း တံခွန်စိုက်ဒိုင်းဆုများကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment