MNP - ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စားသုံးသူရေးရာ ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာ ကာကွယ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေး(၈)ချက်ဖြစ်သည့် စားသုံးသူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ(သို့မဟုတ်) အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ရှင်းလင်တင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိနိုင်စေခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်ကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့် ရရှိခြင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ၊ အခွင့် အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ် မျိုးဆက်သစ်များ အတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ စာဖတ်ဝိုင်းများနှင့် အတူ Online မှ တစ်ဆင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် စီစဉ်တင်ဆက်လျက်ရှိသည်။
သတင်း - ကျော်ဟိန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment