MNP - ဩဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ပြည်သူများအား လူမှောင်ခိုနှင့် လူကုန်ကူးမှုမခံရစေရန် "ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရေးအတွက် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ဒေသတွင်းပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့မှ မြို့ပေါ်ရပ်ကွက်ကြီးများ အပါအဝင် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၆၉)အုပ်စု၌ "ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်း" များ ဖွင့်လှစ်ဆောင်ရွက်မည့် အစီအမံများနှင့် ရပ်ကွက်/ကျေးရွာအလိုက် ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေး အဖွဲ့များနှင့် နယ်မြေခံလူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု(ပြည်) ရဲမှူးမြင့်သိန်းနှင့် မြို့နယ်ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစရှိသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
သတင်း - ကိုဆက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment