MNP - သြဂုတ် ၂၂
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ပဲကြီးအင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) နှင့် ကျောက်စရစ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးအောင် ဦးဆောင်၍ ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် တာဝန်ရှိသူများက ပန်းတောင်းမြို့နယ်အတွင်း ပဲကြီးအင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာလူထုနှင့် တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လုပ်ငန်းဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ကျောက်စရစ်ကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment