MNP - သြဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဝါးခွကျေးရွာအုပ်စု၊ ဝါးခွကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် မြေသန့်နှင့်ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၈) နာရီအချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြေသန့် မင်္ဂလာအခမ်းအနားမစတင်မီ မြို့နယ်သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင်၊ ဝါးခွတောင်ကျောင်းဆရာတော်ဘဒ္ဒန္တသုမနထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူ၊ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဦးဝင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်နှင့် ကျေးရွာသူ/သားများက ငါးပါသီလခံယူဆောက်တည်ပြီးနောက် ဆရာတော်အရှင်သူမြတ်တို့သည် ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျာယ်မူပြီး ကမ္မဝါစာများ ဖတ်ကြားခဲ့ပါသည်။ ယင်းနောက် မင်္ဂလာအချိန်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ဥရူတိုင်ပန္နက်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပန္နက်တင်ခဲ့ပြီးနောက် ကျန်ရှိအရပ်မျက်နှာများရှိ ပန္နက်များကို အကြီးအကဲများမှ ပန္နက်တင်ခဲ့ပါသည်။
အဆိုပါက အဆောက်အဦကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ခွင့်ပြု ငွေကျပ် (၁၀၇.၂၉၀) သန်းဖြင့် “အံကောင်း” ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည်ဖြစ်ပြီး ပြီးစီးပါက ကျေးရွာ (၄) ရွာရှိ အိမ်ခြေ (၆၅၈)၊ အိမ်ထောင်စု (၆၄၈) စု၊ လူဦးရေ (၃၃၂၅) ဦးတို့၏ ကျန်းမာရေးကဏ္ဍကို ယခင်ထက်ပိုမိုမြှင့်တင်၍ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - အောင်ဌေး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment