ပူတာအိုမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပူတာအိုမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဆင်းပွဲကျင်းပ

 



MNP - ဩဂုတ်   ၂၈


ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ခရိုင်မီး သတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက သင် တန်းတွင် အခြေခံကြိုးချည်နည်းများ၊ကြိုးများကိုအသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များ၊ ခေတ်မီရှာဖွေ ကယ်ဆယ် ရေးသုံးပစ္စည်းများနှင့် ကိုင်တွယ်ထိန်းသိမ်းအသုံးပြုခြင်းများ၊ အသက်ရူကိရိယာအသုံးပြုခြင်း နှင့် အမှောင်ထုအတွင်း လှုပ်ရှားသွားလာခြင်း၊ ရေတွင်းကယ်ဆယ်ရေး၊ ပြိုကျအဆောက်အဦမှ လူနာများ ကယ်ဆယ်ခြင်းနှင့် အမြန်လမ်းယာဉ် တိမ်းမှောက်မှုများ လူနာသယ်ဆောင်ခြင်းတို့ကို သင်ကြားပေးခဲ့ ကြောင်း၊ သဘာဝဘေးများနှင့်အခြားသောဘေး အန္တရာယ်များကျရောက်လာပါက မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ ဝင်များအနေဖြင့် မီးသတ်ဦးစီးဌာနနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များတွင် ပိုမိုပူးပေါင်း ပါဝင်လာစေရန်နှင့် နိုင်ငံတကာတွင် အသုံးပြုနေသည့် ခေတ်မီအဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထိုက်က သင်တန်းဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော အဖွဲ့အစည်းများအားကျေးဇူးတင်စကားပြောကြားပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့်၊အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး အောင်ကိုလတ်၊ ဦးမယစ်ယောရှုတို့က သင်တန်းတက်ရောက်ခဲ့ကြသည့် ပရဟိတ လူမှုကူညီရေးအသင်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များအား သင်တန်းဆင်း လက်မှတ်များပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာသည့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် သင် တန်းသားသင်တန်းသူများမှ အခြေခံကြိုးချည်နည်း(၂၃) နည်းအနက်မှ ကြိုးချည်နည်း(၁၀)မျိုးအား လက်တွေ့သရုပ်ပြသခြင်း၊ အသက်ရူကိရိယာဝတ်ဆင်၍ အမှောင်ထုအတွင်း လူနာရှာဖွေ ကယ်ဆယ် နည်းအား လက်တွေ့သရုပ်ပြသခြင်း၊ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးကိရိယာ (Hydraulic) စက်များ ကိုင်တွယ် အသုံးပြုနည်း လက်တွေ့သရုပ်ပြသခြင်းများ နှင့်သင်တန်းတွင် အသုံးပြုခဲ့သည့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ ပူတာအိုခရိုင်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားလာသော ဘေးအန္တရာယ် များဖြစ်ပွားလာပါက ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်အတွက် မီးသတ်ဦးစီးဌာနနှင့်အတူ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့ အစည်းများနှင့်ပူးပေါင်း၍ အချိန်နှင့်တစ်ပြေးညီ အလျှင်အမြန် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ပြီး ဩဂုတ်(၂၂) ရက်မှ(၂၇)ရက်အထိ ဘာသာရပ် (၁၀)မျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)