MNP - ဩဂုတ် ၆
မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုများအား သားစဉ်မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက် ပိုင်းအချိန်က (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေး ဒီဂရီကောလိပ်၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံ့ခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က အဖွင့်အမှာစကားပြောကြားရာတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲသည် မြန်မာတိုင်းရင်းသား လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိစေရေးတို့ကို ဦးတည်ရည်ညွှန်းပါကြောင်း ၁၉၉၃ ခုနှစ်မှစတင်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို စတင်၍ နှစ်စဉ်ကျင်းပခဲ့ပါကြောင်း ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကြောင်း အမျိုးမျိုးကြောင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ရာမှ ယခု ၂၀၂၂ ခုနှစ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးထူးလွင်နှင့် အကဲဖြတ်ပညာ ရှင်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသူများသည် အကဲဖြတ်ပညာရှင်ကြီးများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြသည်။
အဆိုပါ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့် ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့နှင့် (၇) ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ရန်ကင်း ပညာရေးဒီဂရီကောလိပ်နှင့် သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်တို့တွင် နံနက် ၉ နာရီမှ ၄ နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပြီး ခရိုင်အတွင်းရှိ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များ အားပါးတရ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ လာရောက် ကြည့်ရှုသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သတင်းရရှိပါသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment