MNP - သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ သြဂုတ်လအတွင်း ကျေးရွာ (၁၀) ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က လျာထားကျေးရွာများအနက် ကြာနီကန်ရပ်ကွက် တည်ကုန်းရွာသစ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်ကျေးလက်လမ်းဦးစီးမှူး ၊မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ရေအရင်းမြစ်ဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာသော ဒေသခံတောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သရက်ကိုင်း ကူးဆက်မျိုးပွားနည်း အဆင့်ဆင့်ကို စုပေါင်းလက်တွေ့သရုပ်ပြမှုများ ပြုလုပ်ကာ ရှင်းလင်းပြောကြားပေးခဲ့ကြပြီး ဒေသခံတောင်သူ (၁၁၇) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သတင်း - ကိုကိုမင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment