MNP - ဩဂုတ် ၂၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ညွှန်ကြားချက်နှင့်အညီ ပြည်သူများသတ်မှတ်အကြိမ်ရေ ပြည့်မီစွာထိုးနှံနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ ကျောင်းသူ များအား ဒုတိယအကြိမ်ထိုးနှံခြင်း၊ ပြည်သူအခြေပြုအနေဖြင့် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထပ်ဆောင်းထိုးနှံခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ ၂ နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက် အစရှိသည့် ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများနှင့် သက်ကြီးရွယ်အိုများအား အခြားကျန်းမာရေး စောက်ရှောက်ခြင်းများကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ မူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ ခြေတော်ရာကျေးရွာမှာ ဗုဒ္ဓဘာသာချင်း တိုင်းရင်သားများနေထိုင်ပြီး မအီမြို့နှင့် တောင်ပေါ်ခရီး ၁၇ မိုင်ခန့်ကွာဝေး၍ ဝေးလံခေါင်ဖျားသည့် တောင်ပေါ်ရွာကလေးဖြစ်ကြောင်း၊ အိမ်ခြေ(၅၇)အိမ်နှင့် လူဦးရေ ၂၀၀၀ ကျော်ခန့်နေထိုင်ကြကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးမှူး ဦးလှဝင်း၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများ၊ သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးမထိုးနှံမီကိုယ်အပူချိန်တိုင်းခြင်း၊ လက်သန့်စင်စေခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေး စောင့်ရှောက် မှုများကို မအီမြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများ၊ အခြေခံပညာ ကျောင်းများတွင် ညွှန်ကြားချက်နှင့်အညီ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။
သတင်း - မောင်မောင်ဌေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment