ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း ခရီးသွားသင်္ဘောများ မုန်တိုင်းကြောင့် ခေတ္တရပ်နား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း ခရီးသွားသင်္ဘောများ မုန်တိုင်းကြောင့် ခေတ္တရပ်နား



MNP - ဩဂုတ်   ၁၉


ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိလာနိုင်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း ခရီးသွား သင်္ဘောများ ခေတ္တရပ်နားထားကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။


အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အနောက်မြောက်ဘက်သို့ ရွေ့ လျားပြီးနောက် (၆)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ၊ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်သို့လည်းကောင်း၊ နောက် (၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ လည်းကောင်း ရောက်ရှိပြီး အနောက်-နောက်မြောက်သို့ ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။


ရခိုင်ကမ်းရိုးတန်းကို အခြေပြု ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း မန်နေဂျာ ဦးစံမော်သိန်းက “ကျွန်တော်တို့ ဒီလေဖိအားနည်းရပ်ဝန်းကြောင့် စစ်တွေ - ပေါက်တော - မင်းပြား၊ စစ်တွေ- မြောက်ဦးနဲ့ ကျောက်ဖြူ - တောင်ကုတ်၊ တောင်ကုတ် - မာန်အောင်စတဲ့ ခရီးစဉ်တွေကို ဒီနေ့မှာ ရပ်နားထားပါတယ်၊ ရာသီဥတုကောင်းရင်တော့ စစ်တွေ- မြောက်ဦး၊ စစ်တွေ-ဘူးသီးတောင်နဲ့ နေ့လယ်ပိုင်းတွေမှာထွက်တဲ့ စစ်တွေ - ပေါက်တော - မင်းပြားလိုင်းတွေကို ထွက်ပါမယ်၊ မုန်တိုင်း အခြေအနေအပေါ်မူတည်ပြီး ရပ်နားထားတာဖြစ်ပါတယ်၊ ဒီလိုမုန်တိုင်းရှိတဲ့အတွက် ခရီးသည်တွေမှာ သွားရလာရတာ အခက်အခဲတော့ရှိတာပေါ့၊ ဒါကြောင့် ရာသီဥတုအမြန်ကောင်း လာဖို့ဘဲ ကျွန်တော်တို့ မျှောင်လင့်နေပါတယ်” ဟုပြောသည်။


လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝါသနှင့်ဇဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားသည်။


မြေပုံမြို့နယ်မှ ဦးမောင်တင်လှက “မုန်တိုင်းရှိတယ်လို့ သတင်းကြားရပါတယ်၊ မြို့ထဲမှာလည်း လှည့်လည် ကြေညာနေတာတွေ့ရပါတယ်၊ မိုးတွေကလည်းရွာနေပါတယ်၊ မြစ်ကမ်းနားသွားကြည့်တော့ လှိုင်းက တအားထန်နေတယ်၊ ကျွန်တော်တို့က ရေလုပ်ငန်းကိုအဓိက လုပ်ကိုင်နေကြသူတွေဆိုတော့ ငါးမဖမ်းရရင် စားဝတ်နေရေးက အခက်အခဲဖြစ်တာပေါ့၊ ဒါကြောင့် မုန်တိုင်းအမြန် ပျက်ပြေသွားဖို့ဘဲ ဆုတောင်းနေရပါတယ်” ဟုပြောသည်။


လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် စစ်တွေမြို့ကို အခြေပြုပြီးပြေးဆွဲနေသော ခရီးသည် တင် သင်္ဘောများ၊ ကုန်တင်သင်္ဘော်များ၊ ငါးဖမ်းသင်္ဘောများ ခေတ္တရပ်နားထားရပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)