MNP - ဩဂုတ် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ ကုန်ထုတ်လုပ်ငန်း ရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထိန်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကုန်ထုတ်လုပ်ငန်းရှင် များအနေဖြင့် မိမိတို့၏ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်ရန် လို အပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ကုန်ထုတ်လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများအလိုက် လိုအပ်ချက်များကို နိုင်ငံတော်မှဖြည့်ဆည်းပေးနိုင်ရေး တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လိုအပ်သည်များပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ငှက်ပျောတောကျေးရွာရှိ ဦးစိန်ဝင်း၏ ‘ ချမ်းမြေ့ပါစေ ’ စွန့်ပစ်ပလပ်စတစ်ပစ္စည်းမှ ကော်စေ့ ထုတ်လုပ်သည့်အလုပ်ရုံသို့ သွားရောက်ကြည့်ရှုရာ ပိုင်ရှင် ဦးစိန်ဝင်းက စွန့်ပစ်ပလပ်စတစ် ပစ္စည်းများစုဆောင်းထားရှိမှု၊ ကော်စေ့ထုတ်လုပ်မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ကော်စေ့ထုတ်လုပ်ငန်း၏ လက်ရှိအခြေအနေမှတဆင့် အဆင့်မြင့်ထုတ်ကုန်ပစ္စည်းများနှင့် အစားထိုးပစ္စည်းများထုတ်လုပ်နိုင် ရေးကြိုးစားဆောင်ရွက်နိုင်ရန်နှင့် နေပြည်တော်ကောင်စီမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များအားတင်ပြပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment