စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကိုင်းကူးကိုင်းဆက် လက်တွေ့ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကိုင်းကူးကိုင်းဆက် လက်တွေ့ပြသ



MNP - ဩဂုတ်   ၆


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက အကြပ်အင်းကျေးရွာ အုပ်စု၊ကံကလေးကျေးရွာရှိ  စိုက်ပျိုး၊မွေးမြူကြသူ တောင်သူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ကိုင်းကူး ကိုင်းဆက် လက်တွေ့ပြသပေးခြင်းကို မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့က ယနေ့နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ တွေ့ဆုံရာတွင် တောင်သူများအား ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးဉာဏ်လင်းထွန်းနှင့် မြို့နယ်အဆင့် စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေးအဖွဲ့တွင် ပါဝင်သောဌာနဆိုင်ရာများက မိုးစပါးများ မိုးရွာသွန်းမ နည်းခြင်းကြောင့် ရေလိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးခြင်း၊ မိုးစပါးစိုက်ပျိုးပြီး ဆောင်းပဲသီးနှံများအား သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး စိုက်ပျိုးနည်းစနစ်များ၊ မွေးမြူရေးကဏ္ဍတွင် တိုင်းရင်း ကြက်များအား ရောဂါဒဏ်ကာကွယ်နိုင်ရေးအတွက် မျက်စဉ်းခပ်ပေးခြင်းများကို ဆောင်ရွက် ပေးနေကြောင်းနှင့် တိရိစ္ဆာန်အစာပင်နေပီယာမြက် စိုက်ပျိုးနိုင်ရေးနည်းလမ်းများ၊ တောင်သူများအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများ အတွက် ချေးငွေများချေးပေးနေသည့် အခြေအနေများကို  ရှင်းလင်းအသိပေး ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။


ဆက်လက်၍ တက်ရောက်လာကြသော တောင်သူများက စိုက်ပျိုးရေးနှင့်မွေးမြူရေး ကဏ္ဍများတွင် သိရှိလိုသည့် အချက်များအား မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဖြေကြားပေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲအပြီးတွင် တောင်သူများအား မာကလာ၊ ရှောက်၊ သံပုရာ၊ ကျွဲကော၊ သရက်နှင့် ပန်းပင်စသည့် အပင်များအား အချိန်တိုအတွင်း ကြီးထွားပြီး အသီးသီးအောင်စိုက်နိုင်သည့် ကိုင်းကူးခြင်း၊ ကိုင်းဆက်ခြင်းများကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)