MNP - သြဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နဝမတန်းအောင်မြင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်ခြင်းမရှိသေးသည့် ကျောင်းသား/ကျောင်းသူများ၏ မိဘများနှင့်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် လူ့ဘဝရပ်တည်ရန်အတွက် ပညာရေးသည်အရေးကြီးကြောင်း၊ အိမ်တစ်အိမ်မိသားစုတစ်စုတွင် ပညာတတ်များ ပေါ်ထွက်လာအောင် သားသမီးများကိုမိဘများက စာပေသင်ကြားတတ်မြောက်အောင် ကြိုးစားသင်ကြားပေးစေလိုကြောင်း၊ အခက်အခဲများရှိပါက တင်ပြကြစေလိုကြောင်း၊ မိဘ၊ ဆရာများသာမက ကျောင်းအကျိုးတော်ဆောင် အဖွဲ့များကလည်း ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ဇွဲလုံ့လ ဝီရိယ နှင့်ကြိုးစား၍ စာပေဖတ်ရှုလေ့လာသင်ယူစေလိုကြောင်း ထည့်သွင်းပြောကြားသွားသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်သူဝင်းက အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးအတွက် အသိပညာပေး ဆွေးနွေးပြောကြား၍ အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးအတွက် အမှိုက်အကြောင်း သိကောင်းစရာစာအုပ်နှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အတွင်းရေးမှူးဦးအောင်သူဝင်းက ကျောင်းတွင်အသုံးပြုရန် အမှိုက်ပုံးများလှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆရာဝန် ဒေါက်တာ ခင်မိမိလှိုင်က သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးပြောကြားရာတွင် ရောဂါ ဖြစ်ပွားရခြင်းအကြောင်းများနှင့် မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ကလေးများ နေမကောင်းဖြစ်ပါက တွေ့ရာဆေးများမတိုက်ရန်၊ အညိုရောင်အမဲရောင်ရှိသည့် အစားအစာများ မကျွေးရန်နှင့် ဆေးဆိုင်များမှ စပ်ပေးသည့်ဆေးများ မတိုက်ရန်တို့ကို ထည့်သွင်းပြောကြားခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမ များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment