ပြည်သူများသုံးစွဲနေသော ရေပေးဝေမှုကို လုံးဝဖြတ်တောက်၍ ငွေထပ်မံပေးသွင်းရန် အကြပ်ကိုင်ခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများသုံးစွဲနေသော ရေပေးဝေမှုကို လုံးဝဖြတ်တောက်၍ ငွေထပ်မံပေးသွင်းရန် အကြပ်ကိုင်ခြင်း (အိတ်ဖွင့်ပေးစာ)



ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇) ရပ်ကွက်သို့ ငမိုးရိပ်(အတ္တယု)မှ ပေးပို့သည့် ရေပိုက်သွယ်တန်းခြင်းအား (၂၀၀၇)ခုမှစတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး သွယ်တန်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ သွယ်တန်းခြင်းဆောင်ရွက်ရာတွင် ရေမီတာတပ်ဆင်ခအဖြစ် တစ်အိမ်ထောင်လျှင် (၁၆၅၀၀၀)နှုန်း တရားဝင် ပေးသွင်းခဲ့ရပါသည်။ သို့ရာတွင် ရေသွယ်တန်းသည့် အိမ်တိုင်းသို့ ငွေလက်ခံပြေစာ ဖြတ်ပိုင်းပေးခြင်းမဟုတ်ဘဲ အချို့အိမ်များအတွက် ပေးသွင်းသည့် ငွေကိုသာ ထိုစဉ်တာဝန်ရှိသူများက ငွေေပေးသွင်းပြေစာ လက်ခံဖြတ်ပိုင်းပေးခဲ့ပြီး လက်ခံပြေစာ မရရှိသည့် အိမ်များလည်း ရှိခဲ့ပါသည်။

နောက်ပိုင်းကာလများတွင်လည်း ရပ်ကွက်အတွင်း ထပ်တိုး အိမ်များရေသွယ်တန်းလို၍ မြို့နယ်စည်ပင်သို့ သွားရောက်တင်ပြရာတွင် စည်ပင်ဝန်ထမ်းများမှ အိမ်တိုင်ရာရောက် လာရောက်ပိုက်ဖောက်သွယ်တန်းပေးခဲ့ကာ သွယ်တန်းခ တစ်အိမ်ထောင်လျှင် (၁၂၀၀၀၀) ကျပ် တောင်းယူသွားခဲ့ပြီး မည်သည့်ငွေလက်ခံ ပြေစာမှ ပြန်လည်ပေးအပ်ခြင်း မရှိခဲ့ပါ။

ရေသုံးစွဲသူများအနေဖြင့် မြို့နယ်စည်ပင်ဝန်ထမ်းများ ကိုယ်တိုင်လာရောက် သွယ်တန်းတပ်ဆင်ပေးခြင်းကြောင့် စိတ်ချယုံကြည်စွာဖြင့် ရသလောက်ရေလေးအား ဒုက္ခခံရယူကာ လစဉ်တောင်းခံသည့် ရေခွန်ပြေစာပါ ကျသင့်ငွေပေးဆောင်၍ သုံးစွဲခဲ့ကြပါသည်။ သို့ရာတွင် တချို့မှာလည်း နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြုပြီး ရေမီတာခများပေးဆောင်ခြင်း မရှိသည့်သူများလည်း ရှိနေကြောင်း သိရှိရပါသည်။

၂၀၂၀ ခုနှစ်တွင် ယခင်သွယ်တန်းထားရှိသည့် မြေအောက်လိုင်းများနှင့် ကပ်လျက် နောက်ထပ်ပိုက်လိုင်းအသစ် လိုက်လံ ချထား တပ်ဆင်ခဲ့သော်လည်း အဆိုပါပိုက်လိုင်းမှ ရေပေးဝေခြင်းမရှိခဲ့ဘဲ ယခင်ပိုက်ဟောင်းဖြင့် ပေးပို့ဖြန့်ဝေသော ရေကိုသာ ရပ်ကွက်နေပြည်သူများ ဒုက္ခခံ၍ ရယူသုံးစွဲနေရသည်မှာ (၃၁-၇-၂၀၂၂) ရက်နေ့အထိ ဖြစ်ပါသည်။

ယခင်ပိုက်ဟောင်းမှ ပုံမှန် ရေပေးဝေခြင်းအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မိမိတို့ အမှတ်(၇) ရပ်ကွက်တစ်ခုတည်းသာ (၃၁-၇-၂၀၂၂) ရက်နေ့မှစတင်၍ ရေဖြတ်တောက်ခဲ့ပြီး ရေပြန်လည်ရလိုပါလျှင် ယခင်ရေမီတာရှိသူ ရေမီတာပေးဆောင်ထားသည့် အထောက်အထားပြနိုင်ပါက (၁၀၀၀၀၀) ကျပ်နှုန်း၊ ပိုက်လိုင်းသွယ်တန်းထားသော်လည်း မြို့နယ်စာရင်းတွင် မပါဝင်ဘဲ ရေမီတာဆောင်ထားခြင်းမရှိပါက အသစ်လျှောက်ထားသူအဖြစ် သတ်မှတ်ပြီး ငွေ(၃၀၀၀၀၀)ကျပ်နှုန်း မြို့နယ်စည်ပင်သို့ ထပ်မံလာရောက်ပေးသွင်းမှသာ ရေပိုက်လိုင်းအသစ်မှ ရေပြန်လည်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း အကြပ်ကိုင်၍ ဖိအားပေးဆောင်ရွက်လျက်ရှိပါသည်။

မိမိတို့နေထိုင်ရာရပ်ကွက်သည် ဆင်ခြေဖုန်းရပ်ကွက်ဖြစ်သည်နှင့်အညီ ရပ်ကွက်နေပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုစသည့် ပြဿနာများကြောင့် စားဝတ်နေရေးကြပ်တည်းသည့် ဒဏ်ကို ခံနေကြရပြီး နေ့စဉ်ပုံမှန် စားဝတ်နေရေးအတွက်ပင် အတော်ကြိုးစားရုန်းကန် ဖြေရှင်းနေရသည့်ကာလတွင် ယခုကဲ့သို့ ကြိုတင်ကြေညာခြင်းမရှိဘဲ ရေဖြတ်၍ ငွေတစ်လုံတစ်ခဲတည်း ထပ်မံပေးသွင်းစေကာ အကြပ်ကိုင်သည့် လုပ်ရပ်ကြောင့် ရပ်ကွက်နေပြည်သူများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေကြရပါသည်။

ရေပိုက်ဟောင်းမှ ရပ်ကွက်အတွင်း ရေသွယ်တန်းခြင်းနှင့် ရေပိုက်လိုင်းအသစ်မှ ယခုတဖန် ရေပိုက်အသစ်တပ်ဆင်ခြင်း လုပ်ငန်းစဉ်များတွင် မြို့နယ်စည်ပင်(ရေသန့်)ဝန်ထမ်းများနှင့် ရေဝယ်ယူသည့် ပြည်သူများအကြား အထင်အမြင်လွဲမှားစရာများနှင့် လုပ်ထုံးလုပ်နည်းနှင့် လွဲချော်မှုများရှိနေနိုင်ပါသည်။

သို့ပါ၍ ရေပိုက်ဟောင်းမှ ရေဖြန့်ဝေနေခြင်းအား ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ ရုတ်တရက် (လုံးဝ)ပိတ်ပြစ်ပြီး ရပ်ကွက်နေပြည်သူများ ရေအခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်း၊ ရေပိုက်လိုင်းအသစ်မှ ရေပေးဝေရန်အတွက် ယခင် ငွေပေးသွင်း သွယ်တန်းထားသူများကိုပါ ငွေအလုံးအရင်းဖြင့် ပေးသွင်းစေရန် အကြပ်ကိုင်ဖိအားပေးဆောင်ရွက်ခြင်း၊ ယခင် ငွေပေးသွင်းသွယ်တန်းထားသူများ၏ နစ်နာမှုကို လျစ်လျှူရှုပြီး အတင်းအဓမ္မငွေထပ်မံပေးသွင်းစေခြင်းတို့အပေါ် ဆင်းရဲသားရပ်ကွက်တွင် နေထိုင်သည့် အောက်ခြေပြည်သူများ၏ ဘဝအား စာနာနားလည်သည့် အနေဖြင့် ပြန်လည်စိစစ်ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)