ပဲခူးမြို့တွင် ကျန်းမာရေးမှူး(၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ကျန်းမာရေးမှူး(၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ



MNP - သြဂုတ်   ၂၁


ကျန်းမာရေးမှူး (၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းဆင်းပွဲ အခမ်းအနားကို  ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို အကောင်အထည်ဖော်ရာတွင် အမျိုးသား ကျန်းမာရေးစီမံကိန်းရေးဆွဲ၍ ပြည်သူလူထု၏ ကျန်းမာရေးအတွက် ကျန်းမာရေးအဆင့်မြှင့်တင် ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရောဂါကုသရေးနှင့် ကျန်းမာမှုပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူလူထု တစ်ရပ်လုံးကို အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများ အရည်အသွေးပြည့်ဝစွာ ပေးအပ်နိုင် ရေးအတွက် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦနှင့် ကျန်းမာရေးဆိုင်ရာဘဏ္ဍရေး ကဏ္ဍများ နှစ်အလိုက် တိုးမြှင့်ဖြည့်ဆည်း ပေးထားပြီး လုပ်ငန်းများ အကောင်အထည်ဖော်ပေးမည့် လူ့စွမ်းအားအရင်းအမြစ် ကျန်းမာရေးဝန်ထမ်းအင်အား ဖြည့်တင်းပေးမှုကိုလည်း ဦးစားပေးကဏ္ဍအနေဖြင့် တိုးမြှင့်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွင် အဓိကဦးစားပေးဆောင်ရွက် နေသော ကျန်းမာရေးဝန်ထမ်းများမှာ အခြေခံကျန်းမာရေးဝန်ထမ်းများ ဖြစ်ပါကြောင်း၊ ၎င်းတို့အနက်မှ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)မှာ အခြေခံကျန်းမာရေး ဝန်ထမ်းများဖြစ်ပြီး မြို့ပြနှင့် ကျေးလက်ဒေသများတွင် ရောဂါနှိမ်နှင်းရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက် ပေးနေသည့် ဝန်ထမ်းများဖြစ်ကြောင်း၊ ယနေ့သင်တန်း ဆင်းကြမည့် ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) များမှာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာန/ ဌာနခွဲများ၊  မိခင်နှင့် ကလေးကျန်းမာရေးဌာနများ၊ ဒေသန္တရ ကျန်းမာရေးဌာန/ ဌာနခွဲများနှင့် ရောဂါနှိမ်နင်းရေး စီမံကိန်းဝင်ဌာနများတွင် အခြေခံကျန်းမာရေးဝန်ထမ်းများအဖြစ် မိမိတာဝန်ကျရာဒေသရှိ ပြည်သူများအတွက် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများကို အရည်အသွေးပြည့်ဝစွာ ပေးအပ်နိုင်ရေးအတွက် လေ့ကျင့် သင်ကြားခဲ့သည့် ဘာသာရပ်များကို အကျိုးရှိစွာ ပြန်လည်အသုံးချရတော့မှာဖြစ်ကြောင်း၊ မိမိတာဝန်ကျရာဒေသရှိ ပြည်သူများ လိုအပ်သည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို အခြားကျန်းမာရေးဝန်ထမ်းများနှင့် အတူ စေတနာ့ဝန်ထမ်းများ၊ နှီးနွယ်ဌာနများ၊ ရပ်ရွာမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုများကို အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ထူးချွန်ဆုရရှိကြသော သင်တန်းသား၊ သင်တန်းသူအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟမှ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားကိုယ်စားလှယ် (၂)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ကျန်းမာရေးမှူး(၄)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂) သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၇၁)ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ (၆)လကြာ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)