MNP - ဩဂုတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို အထက(၃)မြိတ် ပညာရတနာခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ အမှာစကား ပြောကြားပြီး အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေ ဆေးလုံးများ တိုက်ကျွေးပေးသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မိခင်နို့သည် ကလေးအတွက် အကောင်းဆုံးနှင့် အသင့်လျော်ဆုံး အစာအာဟာရဖြစ်ပြီး မွေးစမှကလေးအသက်(၆)လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန်၊ ကလေးအသက်(၆)လ ပြည့်သည့်အခါတွင်လည်း ဖြည့်စွက်စာနဲ့အတူ အနည်းဆုံး ကလေးအသက် (၂)နှစ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးရန် အကြံပြုထားကြောင်း၊ မိခင်နို့စနစ် တကျတိုက်ကျွေးရေးနှင့် ပတ်သက်ပြီး မှန်ကန်သည့်သတင်း အချက်အလက်များ၊ မလိုအပ်ဘဲ နို့မှုန့်တိုက်ကျွေးပါက ဖြစ်လာတတ်သည့် ဆိုးကျိုးများကို ပြည်သူလူထုများ သိရှိအောင် အသိပညာပေး ဆောင်ရွက်ကြရန်နှင့် လိုက်နာကျင့်သုံးကြစေရန် အရေးကြီးကြောင်း၊ အာဟာရဖွံ့ဖြိုးရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက် တစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အာဟာရချို့တဲ့မှုများ လျော့နည်းပပျောက်ရေး၊ အာဟာရလွန်ကဲမှု ပြဿနာများ ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်သည့်ဓလေ့ ပိုမိုထွန်းကားလာစေရေးစသည့် ရည်မှန်းချက်များ ချမှတ်ပြီး အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များသတ်မှတ်ပြီး ဆောင်ရွက်ခြင်းသည် ပြည်သူလူထု ကိုယ်တိုင် အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာပြီး အာဟာရဆိုင်ရာ အသိပညာဗဟုသုတများလည်း ပိုမိုရရှိလာကာ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန်မြင့်မားလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအကြောင်း ရှင်းလင်း တင်ပြပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် ပညာပေး ဗီဒီယိုပြသရာ နို့တိုက်မိခင်များ၊ ကိုယ်ဝန်ဆောင်များနှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသက်(၅)နှစ်အောက်ကလေးများအား ဗီတာမင်အေ ဆေးလုံးတိုက်ကျွေး၍ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများ ပေးအပ်ပြီး ကလေးငယ်များအား ဆေးစိမ်ခြင်ထောင်၊ အားဆေး၊ ထမင်းစားပန်ကန်နှင့် ကစားစရာအရုပ်များ၊ ကိုယ်ဝန်ဆောင်များအား ဆေးစိမ်ခြင်ထောင်၊ အနှီးပိတ်၊ မွေးဖွားသန့်စင်အိတ်၊ ကိုယ်ဝန်ဆောင်အားဆေး၊ ထမင်းစားပန်းကန်များကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ခန်းမ၏အနောက်၌ ပြသထားရှိသည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ် ပညာပေးပြခန်းနှင့် ကျောင်းအတွင်းတွင် (မြိတ်)ပညာရေး မိသားစုမှ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ပြခန်းတို့တွင် ပြသထားရှိ သည့် အခြေခံအစာ(ထမင်း)၊ ရောဂါကာကွယ်စေသော အစာများ၊ ခန္ဒာကိုယ်ကြီးထွားစေသောအစာများ၊ အင်အားကိုဖြစ်စေသော အစာများနှင့် ပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်များ ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်









No comments:
Post a Comment