MNP - ဩဂုတ် ၂၀
ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦး နှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရမှီဝဲစားသုံးရပါကြောင်း၊ ထို့ကြောင့် နေ့စဉ်စားသုံးသော အစားအစာများသည် သန့်ရှင်းပြီး လိုအပ်သော အာဟာရ ဓာတ်များပြည့်ဝရန် အထူးလိုအပ်ပါကြောင်း၊ လေ့လာဆန်းစစ်ချက်အရ တွေ့ရှိရသည်မှာ အသက်ငါးနှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များသည် အာဟာရချို့တဲ့မှု အခံစားရဆုံး အုပ်စုဖြစ်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုအနေဖြင့် ပိုမိုစိတ်ဝင်စားပြီး ပိုမိုပူးပေါင်းဆောင်ရွက်ကြစေရန်ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို နှစ်စဉ်နှစ်တိုင်း ဩဂုတ်လတစ်လလုံး ဗဟိုအဆင့်အနေဖြင့်သာမက တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှာပါ ကျင်းပခဲ့သည်မှာ ယခုဆိုလျင် (၁၉)ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ သတ်မှတ်ပြီး ဆောင်ရွက်ခြင်းသည် ပြည်သူလူထုကိုယ်တိုင် အာဟာရဖွံ့ဖြိုး ရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်လာပြီး အာဟာရဆိုင်ရာဗဟုသုတများ ပိုမိုရရှိလာကာ ကလေးများနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေသည်လည်း ပိုမိုကောင်းမွန်မြင့်မားလာ စေရန်အထောက်အကူပြုမည်ဖြစ်ကြောင်းနှင့် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီး အရေးပါသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုအားဖြည့်ဆောင်ရွက်ကြရန် အာဟာရစောင့်ရှောက်ရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သည့်နေရာတွင် အစိုးရဌာနများသာမက ပြည်သူလူထု အပါအဝင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးပါသည့်အတွက်ကြောင့် အားလုံး လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မွေးစမှအသက်(၆)လအထိကလေးများအတွက် စံပြနို့တိုက်မိခင်ဆု၊ အသက်(၆)လမှ (၁)နှစ်အရွယ်ကလေးများအတွက် အာဟာရသားကောင်း မိခင်စံပြဆု၊ အသက်(၆)လမှ (၁)နှစ်အရွယ်ကလေးများအတွက် ကျန်းမာပြည့်ဝအာဟာရ ကလေးစံပြဆု၊ အသက်(၁)နှစ်မှ (၁)နှစ်ခွဲအရွယ် အာဟာရသားကောင်း မိခင်စံပြဆု၊ အသက်(၁)နှစ်မှ (၁)နှစ်ခွဲအရွယ် ကလေးများအတွက် ကျန်းမာပြည့်ဝအာဟာရကလေးစံပြဆု၊ အသက်(၁)နှစ်ခွဲမှ (၂)နှစ်အထိ ကလေးငယ်များအတွက် ဘဝရှေ့ဆောင်ရက်(၁၀၀၀) စံပြဆုနှင့် အသက်(၁)နှစ်ခွဲမှ (၂)နှစ်အထိ ကလေးများအတွက် ကျန်းမာဉာဏ်ရွှင် သားကောင်းမိခင်ဆုများကို ပေးအပ်ချီးမြှင့်ကြပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အသိပညာပေး ဗီဒီယိုအားပြသခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အသက်(၅)နှစ်အောက် ကလေးများအား ဗီတာမင်အေ ဆေးလုံးတိုက်ကျွေးကြပြီး ကိုယ်ဝန် ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ကြကာ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုများ ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ထွန်း
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment