MNP - ဩဂုတ် ၂၇
ကျောင်းသား/သူ လူငယ်များ အားလပ်ချိန်များအား အကျိုးရှိစွာ အသုံးပြုတတ်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မကွေးမြို့ အ.ထ.က(၂)ကျောင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မကွေးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီတာဌေးက ကျောင်းသား/သူများ ကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားလေ့ကျင့်ခန်းများ ပြုလုပ်ရန်လိုအပ်ပုံနှင့် ကိုယ်လက်လှုပ်ရှား အားကစားများ ပြုလုပ်ခြင်းဖြင့် ရရှိလာမည် အကျိုးကျေးဇူးများအား ဟောပြောခဲ့ပြီးနောက် ကျောင်းသား/ သူများ အားကစား များပြုလုပ်နိုင်ရန်အတွက် အားကစားပစ္စည်းများအား ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(ရေနံ)မှ ဆရာ ဦးမောင်သိန်းက လူငယ်နှင့်ပညာရေးအကြောင်း သိကောင်းစရာများအား ဟောပြောခဲ့ပြီး မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသား/သူများအနေဖြင့် အားလိပ်ချိန်များတွင် ကျောင်း သင်ခန်းစာများသာမက ပြင်ပဗဟုသုတများရရှိမည့် သုတ၊ ရသစာအုပ်များ ဖတ်ရှုလေ့လာသင့်ပုံနှင့် စာအုပ်/စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် မကွေးမြို့ အ.ထ.က(၂) ကျောင်းရှိ ကျောင်းသား/သူ (၁၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများ စာအုပ်/စာပေများ စိတ်ဝင်စားပြီး ဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်အတွက် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ သုတ၊ ရသစာအုပ်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
သတင်း - ကိုစည်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment