MNP - ဩဂုတ် ၂၇
ပဲခူးမြို့၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁ /၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပဲခူးခရိုင် မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းကဒီကနေ့ဟာဆိုရင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်မှာခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြီးမြောက်တဲ့နေ့ပဲဖြစ်တယ်။ ဒီလိုနေ့မြတ်အခါသမယမှာ တက်ရောက်လာကြတဲ့ ပဲခူးတိုင်းဒေသကြီး ဌာနဆိုင်ရာအရာရှိများ၊ နည်းပြများနှင့် သင်တန်းသားများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ပထမဦးစွာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ဒီသင်တန်းကို မျက်မှောက် ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များမကြာ ခဏ ဖြစ်ပေါ်ကြုံတွေ့ နေရသည့်အတွက် “ ဒီလိုဘေးအန္တရာယ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေနှင့် အတူရှေ့တန်းကျကျ တုန့်ပြန်ရင်ဆိုင်ကြရမယ့်/မိတ်ဖက်အဖွဲ့အစည်းလည်းဖြစ်တဲ့ ပရဟိတ/ လူမှုရေးအသင်း/ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ခေတ်မီ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာတွေကို ကျွမ်းကျင် ပိုင်နိုင်စွာဖြင့်စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နဲ့ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများဟာ မိမိတို့မြို့နယ် များကို ပြန်လည်ရောက်ရှိတဲ့အခါ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပရဟိတစိတ်ကိုအရင်းခံပြီး အဖွဲ့ အစည်းစိတ်ဓါတ်ဖြင့် မိမိတို့ကျရာအခန်းကဏ္ဍကနေ မိမိတို့ရဲ့ရည်မှန်းချက်တာဝန်များနဲ့ လုပ်ငန်းတာဝန်များကို ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက် သွားကြပါလို့ ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား (၃၅)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment