MNP - ဩဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ဩဂုတ် ၂၆ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယမန်နေ့နံနက်ပိုင်းက ဟိုနားကျေးရွာအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နမ့်ခမ်းချောင်းပေါ်တွင် တည်ဆောက်ထားသည့် အလျား(၄၀)ပေ၊ အနံ(၁၂)ပေရှိ မိုင်းဆတ်-မိုင်းခုတ်သွား နမ့်ခမ်းချောင်းကူး ကွန်ကရစ်တံတားသည် တောင်ကျရေများတိုက်စားခြင်းကြောင့် ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
နမ့်ခမ်းချောင်းကူးကွန်ကရစ်တံတားကို ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေများတိုက်စားခြင်းကြောင့် မိုင်းခုတ်ဘက်အခြမ်း ကမ်းကပ်ခုံပျက်စီး၍ ပြိုကျပျက်စီးခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးငွေကျပ်သိန်း(၂၅၀)ခန့်ရှိကြောင်းနှင့် ဘေလီတံတားအား အမြန်တည်ဆောက်သွားဖြစ်ကြောင်း ခရိုင်လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ ဘေလီတံတားတည်ဆောက်နေစဉ်ကာလအတွင်း ပြည်သူများအဆင်ပြေစွာသွားလာနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော်သားများက ယမန်နေ့က ယာယီဝါး တံတားတည်ဆောက်ပေးခဲ့ရာ ယနေ့တွင် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများနှင့် မော်တော်ဆိုင်ကယ်များ အဆင်ပြစွာသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
သတင်း - စန်းစန်းယဉ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment