MNP - သြဝုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၄) ခရိုင် အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့ တက်ရောက်လာသည့် ထားဝယ်ခရိုင်အသင်းနှင့် မြိတ်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ။ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးရာ မြိတ်ခရိုင်အသင်းက (၃) ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုက ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်း၊ ဂိုးအကောင်းဆုံး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ဒုတိယဆု ရရှိသည့် ထားဝယ်ခရိုငအသင်းအားလည်းကောင်း ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော် က ပထမဆုရရှိသည့် မြိတ်ခရိုင်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပထမဆုရရှိသည့် မြိတ်ခရိင်အသင်းအား တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment