MNP - ဩဂုတ် ၆
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာအုပ်စု၊ "လဝါယန် "ဌာနေပြည်သူ့စစ်အဖွဲ့မှ မန်ဂျာရှားသစ်မာစိုက်ပျိုးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက " ခမ်းဘူ" ကြိုးပြင်ကာကွယ်တောအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို လဝါယန် ဌာနေပြည်သူ့စစ်အဖွဲ့မှ စိုက်ခင်းဧက (၅၀၀)အား (၅)နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယအဖွဲ့ခေါင်းဆောင် ဦးအောင်ဂမ်ထံမှ သိရသည်။
“ကျွန်တော်တို့ ဒီနေ့ တပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာနေပြည်သူတွေ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်တာကတော့ ကျွန်တော်တို့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးလဆန်အောင်ဝါကို နိုင်ငံတော်အစိုးရက “ဝဏ္ဏကျော်ထင်”ဘွဲ့ချီးမြှင့်ပေးတဲ့အတွက် ဂုဏ်ပြုပွဲဖြစ်သလို ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်တာပါ၊ ဧက (၁၇၀)မှာ “မန်ဂျာရှား” သစ်မာမျိုးတွေ စိုက်ပျိုးသွားမှာဖြစ်ပါတယ်၊ ဒီဒေသမှာက ကျွန်တော်တို့ ဌာနေပြည်သူ့စစ်အဖွဲ့ကို တာဝန်မပေးခင်အချိန်မှာ တရားမဝင် ရွှေသတ္တု တူးဖော်တာတွေကြောင့် သစ်တောနဲ့မြေယာတွေ ပျက်ဆီးမှုတွေဖြစ်ပေါ်နေခဲ့တာပါ၊ ဒါကြောင့် မြေယာဧက(၅၀၀)ကို သစ်မာမျိုး တွေစိုက်ပျိုးသွားဖို့ စီစဉ်ဆောင်ရွက်ရာမှာ ဒီနှစ်နဲ့ဧက (၂၀၀)ကို စိုက်ပျိုးဖြစ်မှာပါ”ဟု ဦးအောင်ဂမ်မှ ပြောကြားသည်။
အဆိုပါ သစ်မာစိုက်ပျိုးခင်းမှာ (၄၇၆၀)ဧကရှိ ခမ်းဘူ ကြိုးပြင်ကာကွယ်တောအတွင်းဖြစ်ပြီး ယခင် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် အကြောင်းအမျိုးမျိုးကြောင့် ဧက(၃၀)သာ သစ်မာ မန်ဂျာရှားပျိုးပင်များကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခု ၂၀၂၂ခုနှစ်တွင် စိုက်ပျိုးရန်ကျန်ရှိသည့် ဧက(၇၀)နှင့် ယခုနှစ်အတွက် လျာထားသည့် ဧက (၁၀၀) စုစုပေါင်းဧက (၁၇၀) တွင် ပျိုးပင်များစိုက်ပျိုး သွားမည်ဖြစ်ကာ ၂၀၂၅ ခုနှစ်တွင် လျာထားဧက (၅၀၀) ၌ သစ်မာပျိုးပင်များ စိုက်ပျိုးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဝိုင်းမော်မြို့နယ် သစ်တောဦးစီးဌာနမှလည်း လိုအပ်သည့် နည်းပညာနှင့် ပျိုးပင်များ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို လဝါယန်ဌာနေ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ဦးလဆန်အောင်ဝါ၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးအောင်ဂမ်နှင့် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ အင်အား(၇၀) ကျော် တက်ရောက်၍ သတ်မှတ်နေရာများတွင် မန်ဂျာရှားပျိုးပင်များအား စိုက်ပျိုးပေးခဲ့ကြပြီး ယနေ့အထိ သစ်မာပျိုးပင်ပေါင်း ၂၀၀၀၀၀ခန့်အထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ဒုတိယအဖွဲ့ခေါင်းဆောင် ဦးအောင်ဂမ်ထံမှ သတင်းရရှိသည်။
သတင်း - ဖြူစင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment