MNP - သြဂုတ် ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကအခြေခံကာသီးနှံမျိုးစုံ စိုက်ပျိုးရောင်းချလျက်ရှိရာ မိုးဦးကျကာလစိုက်ပျိုးခဲ့သည့် ဂျင်းစိုက်ခင်းများယခုအခါ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေကြောင်း တွေ့ရသည်။
"အရင်နှစ်က ဂျင်း တစ်ပိသာကိုကျပ် ၃၀၀ ကျော် ၄၀၀ လောက်ဘဲရတယ်။ ဈေးကအရမ်းနည်းလို့ မိသားစုဝင်ငွေအခက်အခဲဖြစ်တာပေါ့။ ဂျင်းအစိုဈေးမရတော့ တချို့က နေလှမ်းပြီး ဂျင်းအခြောက်လုပ်ရောင်းတယ်။ တချို့ကျတော့ ဈေးမရတော့ မရောင်းတော့ဘဲ အကုန်ပြန်ပျိုးပစ်လိုက်တယ်။ ဒီနှစ်တော့ ဈေးကောင်းရဖို့ မျှော်လင့်ထားတာဘဲ။ ဂျင်းစိုက်ခင်းတွေက အရမ်းများတယ်။ စိုက်ထားသလောက်လည်း ဖြစ်ထွန်းတယ်။ ဂျင်းပေါ်ချိန် ဈေးကောင်းရရင်တော့ မိသားစု အပိုဝင်ငွေလဲရ၊ ပိုတာလေးလဲလှူရ၊ တန်းရ၊ အဆင်ပြေတာပေါ့ဗျာ " ဟု ပင်းတယမြို့နယ်၊ ဇော်ဂျီကျေးရွာ၊ ဂျင်းစိုက်ပျိုး တောင်သူတစ်ဦး ပြောပြချက် အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် အင်းငယ်၊ ဇော်ဂျီ၊ ဖနံ၊ ညောင်ဝန်း၊ ညောင်ကောက်၊ အုံအက်စသည် ကျေးရွာများ၌ ဂျင်းပင်များ အများအပြားစိုက်ပျိုးကြသည်။ ဂျင်းစိုက်ပျိုးရာတွင် မိုးဦးကျကာလများတွင် ဂျင်းပျိုးတက်များ စတင်စိုက်ပျိုးပီး ၂ လခန့်အကြာတွင် ဂျင်းတက်ပွားများ ထွက်ရှိလာပြီဖြစ်၍ မူလဂျင်းတက်ဟောင်းများအားပြန်လည် တူးဖော်ရောင်းချပြီး၊ အသစ်ထွက်လာသည့် ဂျင်းတက်သစ်များအားနောက် (၄)လခန့်အကြာ (စက်တင်ဘာလ) ကုန်ပိုင်းတွင် တူးဖော်ရောင်းချနိုင်ပြီဖြစ်သည်။ မိုးဦးကျကာလ စိုက်ပျိုးထားသည့် ဂျင်းပင်များ ယခုအခါ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး၊ ဂျင်းများတူးဖော်ရောင်းချချိန်၌ ဈေးကောင်းရရန် မျှော်လင့်နေကြောင်းနှင့် ဂျင်းများအား အောင်ပန်းပွဲရုံများမှ တစ်ဆင့် ပြည်တွင်းဒေသအနှံ့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်း - အေးအေးလတ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment