MNP - ဩဂုတ် ၇
စာပေ၊ ပန်းချီ၊ ဂီတပညာရှင် ဒေါက်တာမင်းလဲ့ရီ (M.B.B.S)၏ “မူးမြစ်ဝန်းမှ ပန်းတစ်ငုံ” ဘဝဇာတ်လမ်း မှတ်တမ်းစုံစုံ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁၂;၃၀) အချိန် က ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီတော် ဝန်းအတွင်းရှိ မဟာမုနိဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် မဟာဂီတအဖွဲ့ကလည်းကောင်း၊ စာရေးဆရာကြီး ဦးအောင်ကိန်း(ဒုပါမောက္ခချုပ်-ငြိမ်း)က စောင်းတီးခတ်၍လည်းကောင်း၊ နိုင်ငံကျော်တေးသံရှင် ဒေါ်ရီရီသန့်နှင့် ဒေါ်ခင်ခိုင်ခိုင်လဲ့(ကထိက)တို့က လည်းကောင်း ခန့်ညားရသ မဟာဂီတခေါင်းစဉ်ဖြင့် တီးခတ်သီဆို ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး အထုပ္ပတ္တိစာတမ်းရှင် ဒေါက်တာမြင့်ခိုင်(ဥဂ္ဂါညို) ဒီပဲယင်းမှ ဒေါက်တာမင်းလဲ့ရီ (M.B.B.S)၏ “မူးမြစ်ဝန်းမှ ပန်းတစ်ငုံ” ဘဝဇာတ်လမ်း မှတ်တမ်းစုံစုံ စာအုပ်ရေးသားပြုစုခဲ့ပုံများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စာပေဂီတပညာရှင် ဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့က မဟာဂန္တဝင် သီချင်းကြီး၊ သီချင်းခံ ဖျော်ဖြေဟန်ဖြင့် တင်ဆက်ခဲ့ကာ စာပေပညာရှင် ကဗျာ ဆရာကြီး ဦးသူရဇော်မှ ဆရာမကြီးဒေါက်တာ မင်းလဲ့ရီ၏ ဘဝဇာတ်ကြောင်းကို ကဗျာရွတ်ဆို ပြခဲ့၍ မြန်မာနိုင်ငံ စာရေးဆရာအသင်း(ဗဟို) တွဲဖက်အတွင်းရေးမှူး စာရေးဆရာကြီး ဦးအောင်ကြည်ညွှန့်ကလည်း ဂုဏ်ပြုစံတင် မှတ်တမ်းတင်စကား ပြောကြားခဲ့ကြောင်း သိရ သည်။
ထို့နောက် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အသီးသီးတို့အား ဆရာမကြီး ဒေါက်တာ မင်းလဲ့ရီ၏ မိသားစုမှ ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော စာပေ ဝါသနာရှင် ဧည့်သည်တော်များအား ဒေါက်တာမြင့်ခိုင် (ဥဂ္ဂါညို)ဒီပဲယင်းကပဌာန်းဒေသနာ မှတ်စုအဖြာဖြာနှင့် ဒေါက်တာမင်းလဲ့ရီ(M.B.B.S)၏ “ မူးမြစ်ဝှမ်းမှ ပန်းတစ်ငုံ”ဘဝဇာတ်လမ်း မှတ်တမ်းစုံစုံစာအုပ်တို့ကို လက်ဆောင်ချီးမြှင့်ကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရသည်။
သတင်း - စိုးဝဏ္ဏထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment