MNP - ဩဂုတ် ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် ယခင်က နနွင်းကို စီးပွားဖြစ်စိုက်ပျိုးမှုများမရှိခဲ့ကြသော်လည်း ယမန်နှစ်က နနွင်းတက်အခြောက်များ ဈေးကောင်းရရှိခဲ့၍ ယခုနှစ်တွင် ဒေသခံတောင်သူများက စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာ လျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဒေသတွင်းတွင် နနွင်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြသောကြောင့် တောင်ယာခုတ်ထွင်ရှင်းလင်းခြင်း၊ စိုက်ပျိုးခြင်း၊ တူးဖော်ခြင်း၊ အခြောက်ပြုလုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်သားများလိုအပ်လာ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာကာ ကျေးရွာများရှိ ဒေသခံအလုပ်လက်မဲ့များ နေ့စားအလုပ်အကိုင်များရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နနွင်းတက်အခြောက်ကို နှစ်ချို့သိုလှောင်ထားရှိနိုင်၍ စီးပွားဖြစ်ရင်းနှီးမြှုပ်နှံစိုက်ပျိုးလိုသူများက မြေများငှားရမ်း၍လုပ်ကိုင်လာကြပြီး မြေပိုင်ရှိ၍ မစိုက်ပျိုးနိုင်သူများက မိမိ၏မြေတွင် ခုတ်ထွင်စိုက်ပျိူးစေပြီး မြေပိုင်ရှင်က နှစ်ရှည်သီးနှံပင်များကို တစ်ပြိုင်တည်းကြားညှပ်စိုက်ပျိုးလာကြ၍ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment