MNP - ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံ အမျိုးမျိုး စိုက်ပျိုးလျက်ရှိကြောင်းနှင့် မြေပဲသီးနှံ(၅၇၇)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၁) တွင် (၅၂)ဧက၊ တိုက်နယ်(၂)တွင် (၂၉)ဧက၊တိုက်နယ်(၁၂)တွင် (၁၅)ဧက၊ စုစုပေါင်း(၉၆)ဧက စိုက်ပျိုးပြီးစီး ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရသည်။
မြေပဲသီးနှံစိုက်ပျိုးရာတွင် အတောင့်စိုက်နှင့်အစေ့စိုက်ဟူ၍(၂)မျိုးရှိပြီး မြေပဲအတောင့် တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးအတောင့်(၆)တင်းစိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ မျိုးအနေဖြင့် ငွေကျပ် (၁၂၀၀၀၀)မြေပြင် ထွန်၊ထယ် စရိတ်အဖြစ် (၅၅၀၀၀)ကျပ်၊ စိုက်စရိတ်အဖြစ် (၁၂၀၀၀)ကျပ် ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် တစ်ဧက (၇၀)တင်းမှ(၈၀)တင်းအထိထွက်ရှိကြောင်းနှင့် မြေပဲတစ်တင်း ငွေကျပ် (၂၁၀၀၀)ဖြင့် ရောင်းချရကြောင်းနှင့် ဆီကြိတ်ရောင်းမည်ဆိုပါက ဆီတစ်ပိဿာငွေကျပ်(၁၁၀၀၀)ဖြင့် ရောင်းချရသဖြင့် မြေပဲစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ကျီးအိပ်ကျေးရွာမှ မြေပဲစိုက် တောင်သူ ဦးသန်းဆွေ က ပြောပြသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မြေပဲသီးနှံစိုက်ပျိုးရာတွင်အထွက်နှုန်းကောင်းပြီး ရောဂါဒဏ်ခံနိုင်သည့် ဒေသနှင့်ကိုက်ညီသော ရေဆင်း(၁၁)၊ မကွေး(၁၁)၊ မကွေး(၁၂)မျိုးများ စိုက်ပျိုးကြပြီး သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေပဲစိုက်တောင်သူများအား မြေပြင် ဆင်ခြင်း၊ မျိုးစေ့ချစိုက်ပျိုးခြင်း၊ အပင်ပြုစုခြင်းများနှင့် ရိတ်သိမ်းသိုလှောင်ခြင်း နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment