MNP - ဩဂုတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘိန်းအစားထိုး ဒေသဝက် ထောက်ပံ့ပေးအပ်ခြင်းကို မယ်ဆွမ်တောင်အုပ်စု၊ ဝိန်းလိတ်ကျေးရွာတွင် ယနေ့နံနက် (၉)နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက ဒေသခံမိသားစုများ၏ လူမှုစီးပွားဘဝတိုးတက်စေရန်၊ မိသားစုအပိုဝင်ငွေရရှိစေရန်နှင့် မွေးမြူရေးလုပ်ငန်းများအား ကျယ်ပြန့်စွာ လုပ်ဆောင်ရန်ကြစေရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ကျေးရွာနေပြည်သူများအနေဖြင့် ထောက်ပံ့ပေးအပ်သော ဝက်များကို ဂရုစိုက်မွေးမြူကြစေလိုကြောင်း၊ တိရစ္ဆာန်များတွင် ဖြစ်တတ်သော ရောဂါများဖြစ်ပွားပါက တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ သွားရောက်တိုင်ပင်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက ဘိန်းအစားထိုး ဒေသဝက်မျိုး ပေးအပ်ရခြင်းမှာ ကျေးရွာနေပြည်သူများ မွေးမြူရေးလုပ်ငန်းကို မိသားစုတစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်မွေးမြူနိုင်ရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် တာဝန်ရှိသူတို့က မယ်ဆွမ်တောင်အုပ်စု၊ ဝိန်းလိတ်ကျေးရွာရှိ အိမ်ထောင်စု(၁၀)စုအတွက် တစ်အိမ်ထောင်လျှင် ဒေသဝက်တစ်ကောင်နှုန်းဖြင့် ဝက်(၁၀)ကောင်အား အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - မြင့်မောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment