MNP - ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့က တောင်တွင်းကြီးမြို့နယ် ဘိုကုန်းကုန်းစု ဘိုကုန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးလှသောင်းက အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က ဒေသခံကျေးလက်နေပြည်သူများ ဆီထွက်သီးနှံစိုက်ပျိုးရာတွင် အဆင်ပြေစွာ စိုက်ပျိုးသွားနိုင်ရေးအတွက် အတိုးနှုန်းသက်သာသော ချေးငွေအား မတည်ထုတ်ချေးပေးနိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်း အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးအတွက် ကော်မတီဝင်များ ဖွဲ့စည်းဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ရပ်ကျိုး၊ ရွာကျိုး ကြိုးပမ်းဆောင်ရွက် လုပ်ကိုင်နိုင်သောသူများကို ကော်မတီဝင်အဖြစ် ဆန္ဒပြုရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆီထွက်သီးနှံစိုက်ပျိုးရေးနှင့် စပ်လျဉ်းပြီး လိုက်နာရမည့် အခြေခံစိုက်ပျိုးရေးနည်းစနစ်များ၊ သီးနှံပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ၊ သီးနှံအထွက်နှုန်း လျော့နည်းမှုမဖြစ်စေရေး အချိန်မီ သီးနှံရိတ်သိမ်း ခြွေလှေ့နည်းစနစ်များကို သက်ဆိုင်ရာဌာနများအလိုက် အသီးသီး အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဘိုကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဒေသခံပြည်သူများ၏ အများသဘောဆန္ဒဖြင့် စီမံကိန်းကော်မတီဝင်(၇)ဦးအား အတည်ပြု ရွေးချယ် ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment