MNP - သြဂုတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက ကိုဗစ်-၁၉ ဖြစ်ပွားနေ စဉ်ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံစားသောက် ကုန်ဖြစ်သည့် ဧည့်မထဆန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်တာဝန်ရှိသူများက ယနေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဧည့်မထ ဆန်များရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးသိန်းမောင်နှင့် ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူများက ပြည်သူများ အလွယ်တကူနှင့် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိ နိုင်ရေးအတွက် လူတစ်ဦးလျှင် ဧည့်မထဆန် တစ်ပြည်(၁၅၀၀)နှုန်းဖြင့် ရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များ မှာကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်မထဆန်များကို လူ(၁)ဦးလျှင် (၁)ပြည်၊ ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုအား သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ (၁)လကြာ နေ့စဉ်နံနက် (၇)နာရီမှ ညနေ (၃)နာရီအထိ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးတွင် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment