MNP - သြဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေးအသိပညာ ပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်နန်းမိုခမ်းက ပလပ်စတစ်ကိုတွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည့် အကြောင်းအရင်းများ၊ ပလပ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ၊ ပလပ်စတစ်သုံးစွဲမှု လျော့ချရန်နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များအကြောင်းကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်တာဝန်ခံတောအုပ် ဦးဇော်ညိုက သစ်တောများ ကိုထာဝစဉ်တော ထွက်ထက်ပို၍ထုတ်ယူခြင်း၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အကြောင်းအား လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဇေယျာလင်းက မြို့နယ်တခွင် သန့်ရှင်းသာယာ လှပစေရေးအတွက် ပလပ်စတစ်သုံးစွဲမှုလျော့ချရေးကို ပြည်သူများမှ လက်တွဲညီစွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်ခြင်းမပြုရန် အမှိုက်ပုံများထားရှိခြင်း၊ အမှိုက်ကားများဖြင့် မြို့တွင်းသို့ လှည့်လည်ဆောင်ရွက်ပေးခြင်း၊ စွန့်ပစ်အမှိုက်များကိုပြန်လည်အသုံးပြုခြင်း စသည့်အကြောင်းအရာများကို အသီးသီးအသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက် လာကြသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေး မှူးများ၊ ကုန်စုံဆိုင်နှင့်စားသောက်ဆိုင်များမှ ဈေးသည်ပြည်သူများတက်ရောက်ပြီး ဆွေးနွေးပွဲ အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေး အသိပညာပေး နံရံကပ် စာစောင်များအား တက်ရောက်လာကြသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းမျိုးသန့်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment