မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေအနိမ့်ပိုင်းရှိလူနေအိမ်များသို့ရေများဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေအနိမ့်ပိုင်းရှိလူနေအိမ်များသို့ရေများဝင်ရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်




MNP - ဩဂုတ်  ၂၈


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ယနေ့နံနက် (၃)နာရီခန့်မှစတင်၍ မိုးသည်း ထန်စွာရွာသွန်းခဲ့မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၏ မြေအနိမ့်ပိုင်းရှိ လူနေအိမ်များတွင် ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရေများဝင်ရောက်ခဲ့ရာတွင် နံနက်(၁၁)နာရီခန့်က မိုးညှင်းမြို့၏ တောင်အရပ်မှ မြောက် အရပ်သို့ ဖြတ်သန်းစီးဆင်းနေသော နန့်ရင်းချောင်းရေသည် မိုးလေဝသဌာနမှ တိုင်းထွာချက်များအရ မိုးရေချိန်သည် ၇ ဒဿမ ၄၇ လက်မနှင့် နန့်ရင်းချောင်းရေအမှတ်သည် ၄၈၂ စင်တီမီတာအမှတ်သို့ ရောက်ရှိခဲ့ပြီး ၎င်းချောင်းနဘေးတလျှောက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများဖြစ်သည့် မြို့မရပ်ကွက်ရှိ နတ်ကြီးကုန်းရပ်၊ အရှေ့စုရပ်ကွက်ရှိ နောင်စွန်းရပ်၊ နားခါရပ်ကွက်ရှိ ရေလယ် ကျွန်းရပ်၊ အုတ်ကျင်းရပ်ကွက်၊ ပင်လုံကျေးရွာအုပ်စု၊ အင်ကြင်းကုန်း ကျေးရွာအုပ်စု၊ ရွာသစ်ကုန်း ကျေးရွာအုပ်စု၊ ဘီလူးကျေးရွာအုပ်စု၊ ဟဲလုံကျေးရွာအုပ်စုနှင့် ဆင်ဘိုကုန်းကျေးရွာတို့တွင် မြေအနိမ့် ပိုင်းရှိ လူနေအိမ်များသို့ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။


ထို့နောက် ရေများဝင်ရောက်သည့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ လူနေအိမ်များသို့ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းများမှ လိုက်လံကြည့်ရှုကြပြီး အဖွဲ့များခွဲကာ ချောင်းရေနှင့် မလွတ်ကင်းသည့် လူနေအိမ်များအား ရေဘေးလွတ်ရာနေရာများသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရေများဝင်ရောက်ခဲ့သည့် မြို့မရပ်ကွက်ရှိ မြို့မအောက်ချိုင့်တွင် လူနေအိမ်ခြေ (၅၆) အိမ်ခန့်လည်းကောင်း၊ အရှေ့စုရပ်ကွက်ရှိ နောင်စွန်းရပ်အောက်ချိုင့်တွင် လူနေအိမ်ခြေ (၂၀)အိမ်ခန့် လည်းကောင်း နီးစပ်ရာဆွေမျိုးများနေအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း၊ ပင်လုံ ကျေးရွာအုပ်စုတွင် အလျား (၂၀၀)ပေ၊ အနံ(၅)ပေရှိ ကိုယ်ထူကိုယ်ထ တံတားလျှောက်လမ်း (၅) ပေခန့်ပျက်စီးပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးမှာ ငွေကျပ်(၁)သိန်းခန့်နှင့် မိုးကြိုးပစ်ခတ်မှုကြောင့် အရှေ့စုရပ်ကွက်ရှိ အိမ်အမှတ် (၂၁၄)နေ ဦးဘလှိုင်၏ နေအိမ်အဝင်တံခါးပေါက် ဝင်တိုင်ကွဲအက်ပြီး လျှပ်စစ်စီးဝင်၍ TV နှင့် စလောင်းစက်များပျက်စီးခဲ့ကြောင်း သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)