MNP - ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရပြီးနောက်ပိုင်း ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းပြီး အသိပညာပေးသည့် ဝန်ဆောင်မှုပေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်၊ တိုင်းဒေသကြီးအဆင့် လယ်ယာမြေစီခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အခြားမိတ်ဖက် ဌာနဆိုင်ရာတို့မှ အကြီးအကဲများ၊ တိုင်းဒေသကြီး အတွင်းရှိ ဖိတ်ကြားထားသော လုပ်ငန်းရှင်ကြီးများနှင့် ကိုယ်စားလှယ်တော်ကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ နည်းဥပဒေများနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေတို့အား တက်ရောက် လာသူများအား ပရိုဂျက်တာများဖြင့် အသေးစိတ်ရှင်းလင်းအသိပညာပေး ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး အခမ်းအနားသို့တက်ရောက်လာကြသော တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိတို့၏ ဌာနအလိုက် ဥပဒေအကြောင်းသိကောင်းစရာများကို အသီးသီးရှင်းလင်း အသိပညာပေး ဆွေးနွေးကြရာ လုပ်ငန်းရှင်ကြီးများနှင့် ကိုယ်စားလှယ်တော်ကြီးများ၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် မေးမြန်းမှုများကို ဖြေကြားပေးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment