ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း VDP စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်း VDP စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်



MNP - ဩဂုတ်   ၂၁


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ခေါင်လန်ဖူးမြို့ ဂီထော့တောင်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အဓိကထားဆောင်ရွက်နေပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်သည် အိမ်ခြေအနည်းငယ်သာရှိသောကြောင့် စီမံကိန်း ရွေးချယ်ရာတွင် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော်လည်း ဝေးလံခက်ခဲသော ဒေသဖြစ်သည်နှင့်အညီ နိုင်ငံတော်မှလည်း ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု VDP စီမံကိန်းရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျဆောင်ရွက်စေ လိုကြောင်း အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီက ယခုဘဏ္ဍာနှစ် အတွင်း စီမံကိန်းကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာနှစ်ရွာ တွင် လိုအပ်သည့် နည်းပညာအကူအညီများ၊ စာရင်းဇယားကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းများ၊ စီမံချက်ရေးဆွဲနည်းသင်တန်းများအား ပြန်လည်ပို့ချပေးမည် ဖြစ်ကြောင်းနှင့် စီမံချက်စာအုပ်ထွက်ရှိသည် အထိ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းက ဝူးနင်ကျေးရွာနှင့် မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီက လုံးဆားဝမ်ကျေးရွာ တို့အတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်းတစ်ရာစီကို လွှဲပြောင်းပေးအပ်ရာ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်စား ကျေးရွာဖွံ့ဖြိုးရေးကော်မတီတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ခေါင်လန်ဖူးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်တွင် VDP စီမံကိန်းကို ဝူးနင်ကျေးရွာနှင့် လုံးဆားဝမ်ကျေးရွာတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းကျေးရွာ တစ်ရွာလျှင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၀)သန်းဖြင့် ကျေးရွာမှ ဦးစားပေး လုပ်ငန်းဖြစ်သည့် ကျေးရွာခန်းမ တည်ဆောက်ခြင်းနှင့် ဆိုလာလမ်းမီးတပ်ဆင်ခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်း ပြီးစီးသွားပါက ကျေးရွာနှစ်ရွာမှ အိမ်ခြေ(၁၈)အိမ်၊ အိမ်ထောင်စု (၂၂)စုနှင့်လူဦးရေ(၁၂၁)ဦးအတွက် အကျိုးပြု မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ခေါင်လန်ဖူးမြို့နယ်တွင် VDP စီမံကိန်းအား ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းကျေးရွာကိုးရွာ တွင် စီမံကိန်းလုပ်ငန်းခွဲများဖြင့် ကျေးရွာခန်းမဆောင်(၆)ခု၊ ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်း (၂/၂)မိုင်ရှိ နှစ်ခု၊ အရှည် ပေ(၁၄၀)ရှိ လူကူးကြိုးတံတားတစ်စင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သတင်း - ဖုန်ကန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)