မအီမြို့တွင် ရာသီပေါ် ဝါကျွတ်မှို (ငှက်စွပ်မှို) ယခင်နှစ်များထက် ဈေးကောင်းရသဖြင့် မှိုလာရောက်ရောင်းချသူများ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် ရာသီပေါ် ဝါကျွတ်မှို (ငှက်စွပ်မှို) ယခင်နှစ်များထက် ဈေးကောင်းရသဖြင့် မှိုလာရောက်ရောင်းချသူများ အဆင်ပြေ




MNP ၊ စက်တက်ဘာ    ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့နယ်တွင် အမ်းမြို့နယ်/ရမ်းဗြဲမြို့နယ် ကျေးရွာများမှ ယခုလရာသီပေါ် ဝါကျွတ်မှို(ငှက်စွပ်မှို) လာရောက်ရောင်းချသူများမှာ ယခင်နှစ်များထက် ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဝါကျွတ်မှိုမှာ စက်တင်ဘာလ နောက်ဆုံးအပတ်၊ တော်သလင်းလကွယ်ပြီးမှ စတင်ထွက်ရှိ၍ သီတင်းကျွတ်ပြီး တစ်ပတ်ခန့်အထိ တစ်လနီးပါးကာလအတွင်း ထွက်ရှိခြင်းဖြစ်ကြောင်း၊ ၎င်းဝါကျွတ်မှိုနှင့် စပ်လျဉ်း၍ အမ်းမြို့နယ်၊ မြေနီကျေးရွာမှ မှိုလာရောက်ရောင်းချသူ ကိုကျော်ဇံအား မေးမြန်းကြည့်ရာတွင် " ဒီမှိုက ဝါမကျွတ်မီ ၂ ပတ်ခန့်၊ ဝါကျွတ်ပြီး တစ်ပတ်ခန့် လောက်ပဲ ပေါက်တာပါ။ ကျွန်တော်တို့ဒေသဝန်းကျင်းမှာဆိုရင် အမ်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် သံတွဲဒေသဘက်တွေမှာ ပေါက်ရောက်ပါတယ်။ မအီနယ် မအီချောင်းတစ်လျှောက်မှာတော့ ဝါကျွတ်မှိုက လုံးဝ မပေါက်တာပါ။ ဘာကြောင့်လဲတော့ သေချာမပြောနိုင်ပါဘူး။ ကျွန်တော် ထင်တာပြောရရင် ဒီဝါကျွတ်မှိုက သဲဆန်မြေ၊ ကျွန်းနုမြေမျိုးတွေမှာ ပေါက်ရောက်တာနှင့် တူပါတယ်။ မအီချောင်းရိုးတစ်လျှောက် မြေရဲ့အောက်ခြေမှာ အရောင်မည်းညစ်ညစ်နှင့် သင်ပုန်းကျောက်တွေ အထပ်လိုက်ရှိနေတတ်ပါတယ်။ ယခင်နှစ်များစွာကတည်းက မထွက်ရှိတာပါ။ သဘာဝအလျောက် ပထဝီအနေအထားမတူလို့ မအီဒေသမှာ ဝါကျွတ်မှိုမထွက်တာ ဖြစ်ပါလိမ့်မယ် " ဟု သူ၏ထင်မြင်ချက်အား ပြောကြားသည်။


"ဝါကျွတ်မှိုကို တော်သလင်းလကွယ်နောက်ပိုင်း ပေါ်ဦးပေါ်စတွင် ရေနားချောင်းနားအစပ်တို့တွင် တွေ့ရှိနိုင်ပြီး မှိုလှိုင်လှိုင်ပေါချိန် သီတင်းကျွတ်လပြည့်နီးလာလျှင် တောထဲတောင်ထဲနေရာများသာမက ရပ်ထဲရွာထဲအထိ ပေါက်ရောက်ထွက်ရှိလာကြောင်း၊ မှိုရှာရတာကတော့ တောတောင်အထပ်ထပ်မှာ သွားရှာရတာဆိုတော့ ပင်ပမ်းပါတယ်။ ဒါပေမယ့် မှိုပွင့်နေတာတွေနှင့် တွေ့လိုက်ရင်တော့ ပင်ပမ်းသမျှတွေ အကုန်ပျောက်သွားတာပါပဲ။ ဝါကျွတ်မှိုမှာ တောင်ပို့မှိုနှင့်အသွင်တူသော်လည်း တောင်ပို့မှိုကဲ့သို့ ဖြူဆွမနေဘဲ အညိုရောင်သန်းနေသောကြောင့် မျက်စိအမြင်မှာ ရုတ်တရက်မလွယ်ကူကြောင်း၊  " ၎င်းက ဆက်ပြောသည်။  ထို့ကြောင့် ဝါကျွတ်မှိုရှားပါးသည့် မအီဒေသသို့ မှိုလာရောက်ရောင်းချသူများက  " ယခင်နှစ်က ကျပ်ငါးထောင်ဖိုးမှာ မှိုအပွင့်ရေ ၂၀ ခန့်ဖြင့် မှိုတစ်ပွင့်လျှင် ၂၅၀ ကျပ်သာ ရောင်းချရသော်လည်း ယခုနှစ်တွင် မှိုတစ်ပွင့်လျှင် ၅၀၀ ကျပ်ခန့်ဖြင့် ကျပ်ငါးထောင်းဖိုးမှာ ၁၀ ပွင့်၊ အပွင့်သေးလျှင် ၁၂ ပွင့်နှုန်းထားဖြင့် ရောင်းချရ၍ ဝါကျွတ်မှို(ငှက်စွပ်မှို) ရောင်းချသူများမှာ ယခင်နှစ်များထက် ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)