MNP ၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် "လူငယ်နှင့် အောင်မြင်မှု" ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာပေစကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာ ပညာများရပ်များသာမက ပြင်ပ စာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် အသိပညာများ ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေး ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ စာပေစကားဝိုင်းကိုကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး အထက(၁)သထုံကျောင်းမှ Grade -11 ကျောင်းသား၊ ကျောင်းသူ လေးဦးတို့က "လူငယ်နှင့် အောင်မြင်မှု" ခေါင်းစဉ်အောက်မှ ၎င်းတို့ဖတ်ရှုလေ့လာထားသည့် "အောင်ပွဲခံခြေလှမ်းများ" နှင့် "မိမိကိုယ်ကို စီမံခန့်ခွဲခြင်း" ဆိုင်ရာ သိကောင်းစရာများတို့ကို စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် မျှဝေ ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုမေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် အထက(၁)သထုံမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များနှင့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ စာပေစကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost



No comments:
Post a Comment