ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့် မဲစာရင်းများမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့နှင့် မဲစာရင်းများမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ နိုဝင်ဘာ ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းများပြုစုရာတွင် သက်ဆိုင်ရာဌာနများမှ စာရင်းဇယားများနှင့် ပူးပေါင်းဆောင်ရွက်ရသကဲ့သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း စသည့်ကိစ္စရပ်များတွင်လည်း ယနေ့တက်ရောက်လာသည့်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


မဲစာရင်းများပြုစုရာတွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့်အညီ မဲစာရင်းများကိုပြုစုရာတွင် ကော်မရှင်ကသတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးကပြုစုထားသည့် လူဦးရေစာရင်းများကို ရယူအခြေခံပြီးပြုစုရမည်ဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများက ပြုစုထားသည့် လူဦးရေစာရင်းများသည် မဲစာရင်းမှန်ကန်ရေးအတွက် အဓိကကျပါကြောင်း။


မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ပြီးမြောက်ပြီးသည့်နောက် ရရှိလာသည့် လူဦးရေစာရင်းများကို ကွန်ပျူတာဆော့ဝဲလ်အသုံးပြု၍ နိုင်ကတ်ထပ်နေသူများ၊ နိုင်ကတ် မရှိသူ/ မပြည့်စုံသူများ၊ အသက် ၁၈ နှစ်အောက်ရှိသူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများ၊ မွေးရက်မွေးလထပ်နေသူများ စသည်ဖြင့် ခွဲခြားစိစစ်ခဲ့ပါကြောင်း၊ စိစစ်ပြီးသည့်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ပေးပို့ခဲ့ပါကြောင်း။


စိစစ်ပြီးသည့် စာရင်းများအပေါ်အခြေခံပြီး အခြေခံမဲဆန္ဒရှင်စာရင်းများ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စေရေး မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ သေဆုံးသူ၊ ပြောင်းရွှေ့ထွက်ခွာသူ/ ဝင်ရောက်သူ၊ အသက် ၁၈ နှစ်ပြည့်ပြီး ဥပဒေနှင့်အညီ သတ်မှတ်အရည်အချင်းပြည့်မီသည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပြီးသူများ၏ အင်အား အတိုးအလျော့ပြောင်းလဲမှုများကို သက်ဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများပူးပေါင်း၍ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ လစဉ် တိုက်ဆိုင်စိစစ်ဆောင်ရွက်စေလျက်ရှိပါကြောင်း။


မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမှ ရရှိသည့်လူဦးရေစုစုပေါင်းမှာ မူလ Pilot Project ပြုလုပ်စဉ်က ၆၁၀၆၉၀၀၈ ဦး (၆၁ ဒသမ ၀၇ သန်းခန့်) ဖြစ်ပြီး စက်တင်ဘာလတွင် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စုများ ထပ်မံပါဝင်လာခဲ့သည့်အတွက် ၆၁၂၁၄၀၉၉ ဦး (၆၁ ဒသမ ၂၁၄ သန်း ကျော်)ရှိလာပြီဖြစ်ကြောင်း၊ ယင်းစာရင်းများသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စာရင်းနှစ်ခုပေါင်းဖြစ်ကြောင်း၊ လစဉ်လူဦးရေစာရင်းအတိုးအလျော့များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအရ အောက်တိုဘာလအထိ ရရှိသောအချက်အလက်များမှာ-


၁။ ဥပဒေနှင့်အညီနေထိုင်သူဦးရေ   ၄၁,၆၀၉,၂၁၈ ဦး


၂။ နိုင်ကတ်ရှိသူဦးရေ   ၂၉,၂၈၄,၉၀၉ ဦး


၃။ ၁၈ နှစ်အထက်အောက်များအပါအဝင် နိုင်ကတ်မရှိသူဦးရေ ၁၂,၁၆၃,၇၂၃ ဦး


၄။ သေဆုံးသူ စုစုပေါင်း            ၇၈၅,၀၀၇ ဦး


၅။ နိုင်ကတ် (၂) ကြိမ်ထပ်မှ      လျှော့နိုင်သည့်ဦးရေ ၁၀၅၇၁၂ ဦး


၆။ နိုင်ကတ် (၃) ကြိမ်ထပ်မှ      လျှော့နိုင်သည့်ဦးရေ ၁၀၂၄၉ ဦး


၇။ နိုင်ကတ်ထပ်မှ အသစ်ပြုလုပ်သည့် ဦးရေ     ၆၅၉၄  ဦး


၈။ လဝက လက်ကျန်စာရင်းမှထပ်မံဖြည့်သွင်းသည့်ဦးရေ         ၃၆၀,၅၇၆        ဦး


၉။ အချက်အလက်ပြင်ဆင်မှုပေါင်း  ၁,၅၆၇,၅၉၄ ခု တို့ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြောင်းဝင်/ ပြောင်းထွက် စာရင်းများ၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ ပြောင်းဝင်/ပြောင်းထွက် စာရင်းများ စသည်ဖြင့် လူဦးရေစာရင်းများကိုလည်း ကောက်ယူရရှိခဲ့ကြောင်း။


၂၀၂၂ ခုနှစ်နိုဝင်ဘာ ၁၀ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌနှင့် အစည်းအဝေး၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပုံစံ(၆၆/၆) များမြေပြင် တိုက်ဆိုင်စစ်ဆေးရန်လမ်းညွှန်ခဲ့ကြောင်း၊ မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပုံစံ(၆၆/၆)မရှိဘဲ မြေပြင်တွင်နေထိုင်သူများကိုလည်း တစ်ပါတည်းစာရင်းပြုစုသင့်ပါကြောင်း၊ ထို့အတူ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ရွေးချယ်ရန်အတွက် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးကိုလည်းခွဲခြား၍ စာရင်းကောက်ယူသင့်ကြောင်း အကြံပြုပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် အကြံပြုဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရရှိခဲ့သည့်အခြေခံစာရင်းအပေါ် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် ထပ်မံစိစစ်ဆောင်ရွက်ရာ၌ တိုးတက်မှုအသေးစိတ်စာရင်းများနှင့် လုပ်ငန်း၏ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။


ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှု၊ ပန်းခင်းစီမံချက်ဖြင့်နိုင်ကတ်များပြုလုပ်ပေးမှုနှင့် အခြေခံလူဦးရေစာရင်း မြေပြင်ကောက်ယူမည့်ဖွဲ့စည်းမှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ၎င်းတို့၏ဝန်ထမ်းခန့်အပ်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်နေမှုနှင့် မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများနှင့် စပ်လျဉ်းသည့်အခြေအနေတို့ကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)