ဦးခင်ရီ စစ်ကိုင်းကို ရောက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးခင်ရီ စစ်ကိုင်းကို ရောက်ပြီ



ပါတီဥက္ကဋ္ဌ အဖြစ် စတင်တာဝန်ယူပြီးနောက် ဦးခင်ရီဟာ တိုင်းဒေသကြီးတွေကို ခရီးလှည့်လည်သွားလာပြီး ပါတီဝင်တွေနဲ့ တွေ့ဆုံတဲ့အပြင် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အမျိုးသားရေးအဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ပထမဆုံး ရန်ကုန်မြို့မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံပြီး ကူညီထောက်ပံ့တာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ အမျိုးသားရေးအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးခရီးစဉ်အပြီးမှာ USDP ဥက္ကဋ္ဌ ဦးခင်ရီ ဟာ မန္တလေးတိုင်းဒေသကြီးကို ခရီးဆက်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေကြီးခရီးစဉ်အတွင်းမှာလည်း ပါတီတာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ကူညီထောက်ပံ့ပေးသင့်တဲ့ ပါတီဝင်တွေနဲ့လည်း စကားဝိုင်းဖွဲ့ ပြောဆိုတာမျိုးတွေ လုပ်ခဲ့ပါတယ်။ ယခင် အသင်းဝင်ဟောင်ေးတွနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးကိုလည်း သီးခြားလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ 

ဦးခင်ရီ ဟာ ပါတီဥက္ကဋ္ဌ တာဝန်ကို စတင်လွှဲပြောင်းလက်ခံပြီး ပထမဆုံးအကြိမ် ဆောင်ရွက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတည်းက NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် USDP ပါတီဝင် အများအပြား သေဆုံးနေရတဲ့အပေါ် သတင်းမီဒီယာများက မေးမြန်းတဲ့အခါမှာ အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးကို အလေးထား လုပ်ဆောင်မှာဖြစ်ပြီး တုန့်ပြန်ဖို့ အခွင့်သာမယ်ဆိုရင်လည်း တုန့်ပြန်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး ခရီးစဉ်အပြီး နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ် ပါတီဝင်သစ်များနဲ့ တွေ့ဆုံတဲ့ ပွဲမှာ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး စီမံချက်ရေးဆွဲပြီးဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ နေပြည်တော်ကနေ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဟာ ဧရာဝတီတိုင်းဒေသကြီးကို ခရီးဆက်ခဲ့တာ တွေ့ရပါတယ်။ ပုသိမ်မြို့ပေါ်မှာ အတိဒုက္ခရောက်နေတဲ့ ပါတီဝင်တွေကို ကူညီထောက်ပံ့မှုတွေ ပေးခဲ့သလို ပုသိမ်အခြေစိုက် နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးဒေါင့်မြို့နယ်၊ ပါတီဝင်သစ်များ အသိအမှတ်ပြုကတ်ပြာ ပေးအပ်ပွဲကို တက်ရောက်အမှာစကား ပြောကြားရာမှာတော့ ဦးခင်ရီက လူ့ဘဝကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းချင်တယ်ဆိုရင်တော့ ပြည်ခိုင်ဖြိုးပါတီအလံတော်အောက်မှာ လက်တွဲဆောင်ရွက်ခြင်းပဲလို့ ပြောကြားသွားခဲ့ပါတယ်။ 

ဦးခင်ရီအနေနဲ့ နိုင်ငံတော်တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင်လည်း မှတ်တမ်းကောင်းတွေ သမိုင်းကောင်းတွေ ရှိနေတာကို တွေ့ရပါတယ်။ တပ်ကုန်းမြို့နယ် ပါတီဝင်သစ်များနဲ့ တွေ့ဆုံပွဲမှာ ဦးခင်ရီရဲ့ ပြောကြားချက်တွေအရ သူ့ဘဝသက်တမ်းတလျှောက်လုံးဟာ နိုင်ငံတော်တာဝန်များနဲ့သာ အချိန်ကုန်ခဲ့ရပြီး NLD ပါတီအာဏာရတဲ့ ငါးနှစ်တာ သက်တမ်းအတွင်းမှာ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ အစိုးရရဲ့ လွဲမှားတဲ့ လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း ထောက်ပြပြောဆိုနိုင်ခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ဘာသာ သာသနာအပေါ် မထီမဲ့မြင်ပြု စော်ကားမှုတွေနဲ့ ပတ်သက်လို့ မြင်တွေ့ခဲ့ရတာတွေ၊ ပြည်တွင်းရေးဖြစ်တဲ့ ရခိုင်အရေးကိစ္စကို နိုင်ငံတကာ ဇာတ်ခုံပေါ်ရောက်အောင် ဖန်တီးခဲ့တဲ့ လုပ်ရပ်တွေ တိုင်းပြည်အတွက် အလွန်အမင်းအန္တရာယ်ရှိတဲ့ အလုပ်တွေ လုပ်ခဲ့တာကိုလည်း ထောက်ပြပြောဆိုလေ့ ရှိပါတယ်။

အထူးအားဖြင့် NLD ထောက်ခံသူတွေအနေနဲ့ NLD ဦးဆောင်သူများ အာဏာမရတဲ့အတွက် အကြမ်းဖက်လမ်းစဉ်ပေါ်ကို လိုက်ပါကြတဲ့အပေါ်မှာ ၂၀၂၀ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲကာလတစ်ခုတည်း မသမာမှုလုပ်ခဲ့တာမဟုတ်ဘဲ ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲစက်ဝန်းကြီး တစ်ခုလုံးမှာ မသမာမှုတွေ ကျူးလွန်ခဲ့တာကို ရှင်းလင်းပြောဆိုပါတယ်။ မဲမသမာမှု ကျူးလွန်ရာမှာလည်း အနည်းငယ်မျှသာ ကျူးလွန်ခြင်းမဟုတ်ဘဲ ၁၁.၃သန်း ဆိုတဲ့ မဲပေးခွင့်ရှိသူ ၂၅ရာခိုင်နှုန်းပမာဏ ကျူးလွန်ခဲ့ခြင်းဖြစ်တာကို တိကျသေချာစွာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဦးခင်ရီ ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ပြီးနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာက ဆရာတော်ဦးဝါသဝ က ဖုန်းဆက်ပြောဆိုပါတယ်။ ဆရာတော်အနေနဲ့ အခါအားလျှော်စွာ ဖုန်းဆက်ဖြစ်ပါတယ်။ ဆရာတော်ကလည်း နိုင်ငံရေးအခြေအနေ ထူးခြားမှုအခြေအနေတွေ မေးတယ်။ ကျွန်တော့်အနေနဲ့လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆရာတော်တို့ရဲ့ ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှ ဒေသအခြေအနေကို မေးမြန်းလျှောက်ထားလေ့ ရှိပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ အနေနဲ့ ရန်ကုန်၊ မန္တလေး ခရီးစဉ်တွေ ပြီးတဲ့အခါမှာ ဆရာတော်ဖုန်းဆက်လာလို့ ဦးခင်ရီ ကတော့ ရန်ကုန်၊ မန္တလေး ခရီးဆက်နေကြောင်း ပြောပြဖြစ်တယ်။ ဆရာတော်က စစ်ကိုင်းတိုင်းဒေသကြီးကို လာစေချင်တယ်လို့ မိန့်ကြားပါတယ်။ 

၂၁-၁၁-၂၀၂၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီရုံးမှာ ဦးခင်ရီနဲ့ ပါတီဝင်များတွေ့ဆုံပြီး အကူအညီတွေ ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ ဆရာတော်ဦးဝါသဝ မျှော်လင့်သလို ဦးခင်ရီကတော့ စစ်ကိုင်းတိုင်းဒေသကြီးကို ရောက်ရှိလာပြီဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးစီမံချက်ကို ဘယ်လိုရေးဆွဲထားသလဲဆိုတာတော့ မသိနိုင်ပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ NLD အစွန်းရောက်တွေရဲ့ ယုတ်မာရိုင်းစိုင်းမှုကြောင့် ပြည်ခိုင်ဖြိုးပါတီဝင်တွေ အမြောက်အများ ဆုံးရှုံးခဲ့ရပါတယ်။ နေပြည်တော်၊ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ကျောက်တိုင် စိုက်ထူထားတဲ့ မှတ်တမ်းမှာပဲ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပါတီဝန်းရံသူများ သတ်ဖြတ်ခံခဲ့ရတဲ့ မှတ်တမ်းဟာ ၁၃၀၀ ကျော် ဖြစ်ပါတယ်။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများရဲ့ ၂နှစ်တာ ကာလအတွင်း ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်မှု မှတ်တမ်းမှာ ၇၅ ရာခိုင်နှုန်းခန့်ဟာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်အန္တရာယ်ကို စနစ်တကျနဲ့ ခုခံကာကွယ်နိုင်တဲ့ နေရာကတော့ ဆရာတော်ဦးဝါသဝ ဦးဆောင်နေတဲ့ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် မြို့နယ်တို့မှာပဲ ရှိပါတယ်။ ဒါတောင်မှပဲ အကြမ်းဖက်အန္တရာယ် လုံးဝကင်းရှင်းနေပြီလို့ မပြောနိုင်သေးပါဘူး။ ဆရာတော်ရဲ့ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင် ကျောင်းတိုက်မှာ ခိုလှုံနေကြရသူတွေထဲမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေလည်း ရှိနေပါတယ်။ ဆရာတော်ရဲ့ ဦးဆောင်ညွှန်ကြားမှုနဲ့ ကျောင်းတိုက်မှာ ခိုလှုံ့နေသူ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ ပြည်သူ့စစ်သင်တန်းတက်ခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီကနေမှ မိမိရပ်ရွာဒေသတွေမှာ ပြည်သူ့စစ်အနေနဲ့ ပြန်လည်နေထိုင်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများနဲ့ KIA အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကားမှုများကို ခုခံကာကွယ်နေထိုင်ကြခြင်း ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးစီမံချက်၊ အကြမ်းဖက်အန္တရာယ် တုန့်ပြန်နှိမ်နင်းရေးစီမံချက်၊ ဆရာတော်ဦးဝါသဝလို မြို့နယ်ဒေသအလိုက် ရဲရင့်ပြတ်သားတဲ့ ခေါင်းဆောင်တွေဟာ ရှိမယ်ဆိုရင် NLD အစွန်းရောက်တွေရဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက် လုပ်ရပ်တွေဟာ မကြာတော့တဲ့ ကာလအတွင်းမှာ နိတ္ထိတံသွားမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)