MNP - နိုဝင်ဘာ ၂၀
(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး (၃၃)နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အဖြစ် ရိုက်ကူးထားသည့် မှတ်တမ်းဗီဒီယိုအား ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်ပြီး လွိုင်ကော်မူလတန်းကြိုကျောင်း ရင်သွေးငယ်များမှ “ထာဝရမြေ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ ရွှေလက်ဝါးပရဟိတဂေဟာမှ ကျောင်းသားကျောင်းသူလေးများက “ပအို့ဝ်ရိုးရာ” သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှ ကျောင်းသူလေးများမှ “Fitness”အကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ကပြဖျော်ဖြေသွားကြသော ကလေးငယ်များနှင့် ကျောင်းသား/ကျောင်းသူလေးများအား ကယားပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ကယားပြည်နယ် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆပ်ကော်မတီမှ ဖွင့်လှစ်သော အခြေခံဇာထိုးပန်းထိုးသင်တန်းနှင့် မုန်မျိုးစုံပြုလုပ်နည်းသင်တန်းသို့ သွားရောက်ပြီး သင်တန်းသားသင်တန်းသူများအား အားပေးစကားသွားရောက်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းကာလကို နိုဝင်ဘာ ၁၈ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ရက်သတ္တပတ်(၃)ပတ်ကြာ သင်ကြားပေးသွားမှာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ကိုဇင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment