MNP - နိုဝင်ဘာ ၂၁
မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဒေသစီးပွားမြှင့်တင်ပေးနိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ နိုင်ဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နောင်မွန်းမြို့မှ တစ်ဆင့် ခေါင်လန်ဖူးမြို့သို့ မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း မော်တော်ယာဉ်တန်းဖြင့် ထွက်ခွာခဲ့ကြပြီး အမြင့်ပေ ၇၇၀၀ ရှိ ဆန်းလွတ်ချက်တောင်ထိပ်၌ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ထလားလော်ကျေးရွာသို့ ရောက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်းအတွင်း ပေ ၈၀ အရှည်ရှိ ကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရှင်းလင်းဆောင်၌ ခေါင်လန်ဖူးမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ၂၇ ရွာ၊ အိမ်ခြေ (၅၁၇) အိမ်၊ လူဦးရေ (၃၅၂၉)ဦးတို့အတွက် အကျိုးဖြစ်ထွန်းစေသည့် ထလားလော်-ဂျာအုံးတောင်-ညီဝမ်ထန်ကျေးရွာ ချင်းဆက်လမ်း (၁၀)မိုင် အား မူလလားလမ်းမှ မြေသားလမ်း (၅)မိုင်နှင့် လူသွားလမ်း (၅)မိုင်ဆောင်ရွက်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ် က သတ်မှတ်ချိန်အတွင်း စနစ်တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး အမြန်ဆုံးဆောင်ရွက် ပြီးစီးရေးနှင့် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိပြီး ဂီထော့တောင်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ် ကာ ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရေး၊ ထို့အပြင် ဒေသ၏ ရှိရင်းစွဲ သဘာဝအလှအပများသည် ခရီးသွား လုပ်ငန်းဖြင့် အရှိန်အဟုန်တိုးတက်လာမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံများအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာစေရေး အားလုံးက ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြို့မိမြို့ဖတစ်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြမှုများ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကာ ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခေါင်လန်ဖူးမြို့၌ ဧည့်ရိပ်သာ တည်ဆောက်နိုင်ရေး လျာထားမှုပုံစံနှင့် မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး ခေါင်လန်ဖူးမြို့ ကွက်သစ်ဖော် ဆောင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များဖြစ် သည့် လမ်း၊ တံတား၊ အဆောက်အအုံလိုအပ်ချက်များနှင့် သောက်သုံးရေ လုံလောက်မှုရှိစေရေး၊ လျှပ်စစ် မီးလင်းရေးအတွက် ဌာနဆိုင်ရာများ မြို့မိမြို့ဖများနှင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြို့မိမြို့ဖများ၊ ရဝမ်နှင့် လီဆူ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများက စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ခြုံစောင်နှင့် အနွေးထည်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ဌာနတာဝန်ရှိသူများက ဂီထော့တောင်ခန်းမ ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များ တိုးတက်လာစေရေး အတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့ ပေးနိုင်ရေးအတွက် ဒေသခံစိုက်ပျိုးမွေးမြူရေး တောင်သူများနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မတည်ထောက်ပံ့နိုင်သည့် ချေးငွေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နည်းပညာနှင့် သွင်းအားစုများ ကူညီပံ့ပိုးပေးနိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းများနှင့် ခွင့်ပြုဆေင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဒေသခံများအတွက် ထောက်ပံ့ငွေများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် မွေးမြူရေး အထောက်အကူပြု ဆေးဝါး များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အလားတူ အဆိုပါခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်းနှင့် တာဝန်ရှိသူများက ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အမျိုးသရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းဝင်များအတွက် ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခြင်းနှင့် မြို့ပေါ်ရှိ သက်ကြီးဘိုး/ဘွားများအား ဂါရဝပြုလက်ဆောင်များ၊ ကိုယ်ဝန်ဆောင် မိခင်များအား နှစ်သိမ့်အားပေးခဲ့ကြပြီး ထောက်ပံ့ငွေနှင့် အနွေးထည်များကို ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment