MNP - နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် “မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း” အထောက်အပံ့ဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်သော အထူးရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်သည့် မက္ကဒေးမီးယားစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းဆိုင်ရာ TOT သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းနှင့် နမ့်စန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းတို့က သင်တန်းသားသင်တန်းသူများကို သင်တန်း အထောက်အကူပြုပစ္စည်းနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ရာ သင်တန်းသား ခေါင်းဆောင်များက လက်ခံရယူခဲ့ကြသည်။
အဆိုပါ သင်တန်းကို မက္ကဒေးမီးယားတိုးချဲ့စိုက်ပျိုးခြင်းကို အားပေးရန်၊ မက္ကဒေးမီးယား industry ဖွံ့ဖြိုးတိုးတက်မှုကို အဆင့်မြှင့်တင်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်နှင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ မက္ကဒေးမီးယား စိုက်ပျိုးခြင်းနှင့် ပြုစုထိန်းသိမ်း ခြင်းလုပ်ငန်းများ သိရှိစေရန်၊ မဲခေါင်-လန်ချန်း အစီအစဉ်ဖြင့်ထောက်ပံ့ထားသော ပျိုးပင်များအား တောင်သူများ စနစ်တကျပြုစု ထိန်းသိမ်းတတ်စေရန်တို့ကိုရည်ရွယ်၍ နိုဝင်ဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့ထိ ဖွင့်လှစ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ နည်းပြဆရာများက သက်ဆိုင်ရာ ဘာသာရပ် များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နမ့်စန်ခရိုင်၊ လွိုင်လင်ခရိုင် နှင့်လင်းခေးခရိုင်တို့မှ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူစုစုပေါင်း (၂၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
သတင်း - သူရအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment