တောင်သူလယ်သမားများ ဝင်ငွေနှစ်ဆတိုးအောင် လက်တွေ့ဆောင်ရွက်ပေးနိုင်တယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူလယ်သမားများ ဝင်ငွေနှစ်ဆတိုးအောင် လက်တွေ့ဆောင်ရွက်ပေးနိုင်တယ်



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ညီလာခံအပြီး တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးအပ်ခြင်းခံရတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင် က ၂-၁၂-၂၀၂၂ ရက်နေ့မှာ ပြည်ထောင်စုနယ်မြေ ပါတီတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ တောင်သူလယ်သမားများနဲ့ ဒက္ခီဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးမှာ တွေ့ဆုံပြီး တောင်သူလယ်သမားများအရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။


ဒီလို ဆွေးနွေးပြောဆိုရာမှာ ရဲရဲဝံ့ဝံ့ အာမခံပြောဆိုသွားတာကတော့ တောင်သူလယ်သမားတွေ ဝင်ငွေနှစ်ဆတိုးအောင် လုပ်ပေးနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဦးမြင့်လှိုင်ရဲ့ ဆွေးနွေးပြောဆိုမှုမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ အောင်မြင်မှုရဖို့အတွက်ဆိုရင်လည်း ပြည်သူလူထုရဲ့ ၇၅ရာခိုင်နှုန်းရှိသော တောင်သူလယ်သမားတွေရဲ့ ယုံကြည်မှုရဖို့ ကြိုးစားရမှာဖြစ်ပြီး ပါတီတာဝန်ရှိသူအဆင့်ဆင့်က ဝိုင်ဝန်းကြိုးပမ်းကြဖို့အတွက်ကို တိုက်တွန်းပြောဆိုထားပါသေးတယ်။

၂၀၁၀ သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဦးမြင့်လှိုင်ဟာ ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပါတီဥက္ကဋ္ဌ တာဝန်ကို ဦးလှဆွေကို လွှဲအပ်ပြီး တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လာတဲ့ အချိန်မှာတော့ တောင်သူလယ်သမားတွေအတွက် ပိုပြီး အလေးထား ပြောဆိုလာတာကို တွေ့ရပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသက်တမ်းမှာ လယ်/ဆည် ဝန်ကြီးအနေနဲ့ တောင်သူလယ်သမားတွေ ဝင်ငွေနှစ်ဆတိုးအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကမ္ဘာမှာ ဆန်တင်ပို့မှု အများဆုံး (၄)နိုင်ငံ စာရင်းဝင်သည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (food and agriculture organization - FAO) က ဂုဏ်ပြုခဲ့ရသည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ International Rice Research Institute (IRRI) က ပေးအပ်တဲ့ ရွှေစပါးနှံဆု (Golden Rice) ကိုလည်း ထိုက်ထိုက်တန်တန် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။

လယ်သမားဘဝ ဝင်ငွေနှစ်ဆတိုးစေဖို့ စိုက်ပျိုးရေးထုတ်ကုန်များ အရည်အသွေးတိုးတက်မြင့်မားရေး အခြေခံ သော့ချက် (၆)ချက် ဆိုတာကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အခြေအနေကိုလည်း ပြန်လည်ရည်ညွှန်းပြောဆိုခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲအပြီး သီးခြားမေးမြန်းခွင့် ရတဲ့အချိန်မှာ ဦးမြင့်လှိုင် ရည်ညွှန်းပြောဆိုခဲ့တဲ့ အချက်တွေကို အသေးစိတ် မေးမြန်းခွင့်ရခဲ့ပါတယ်။

- တောင်သူလယ်သမားတွေက ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်လို့ ဘာသာရေးအဆုံးအမအရရော၊ ယဉ်ကျေးမှုအရရော လက်ခံကြတယ်။ အားထားကြတယ်။ ဒီစကားတွေကို တဖွဖွ ပြောတယ်။ လက်တွေ့မှာတော့ အခြေခံဖြစ်တဲ့ လယ်သမားတွေက ဆင်းရဲနေတဲ့အတွက်ကြောင့် တိုင်းပြည်ကလည်း ကျန်နေခဲ့တာပေါ့။ တောင်သူလယ်သမားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်။ တည့်တည့်ပြောမယ်ဆိုရင်တော့ သက်တမ်းစေ့မနေနိုင်ဘူးဗျာ။ ကျွန်တော်တို့နိုင်ငံက ရေခံမြေခံကောင်းပြီး ဘာလို့နောက်ကျကျန်နေလဲ။ ကျေးဇူးရှင်လို့ တဖွဖွ ပြောကြပေမယ့် လက်တွေ့ကျကျ မြှင့်တင်ပေးနိုင်ဖို့အတွက် ဝေဖန်ခြင်း မဟုတ်ပါဘူး။ သုံးသပ်ခြင်းဖြစ်ပါတယ်။ လယ်/ဆည် ဝန်ကြီး တာဝန်ယူခဲ့တဲ့အခါကြတော့ တောင်သူလယ်သမားတွေအတွက် ဘာလုပ်ပေးရမလဲ။ ဝင်ငွေ နှစ်ဆတိုးအောင် လုပ်ရမယ်။ လက်တွေ့ပဲ ဝင်ငွေနှစ်ဆတိုးအောင် လုပ်ပေးမယ်ဆိုပြီး အမှန်ပြောရရင် ကျွန်တော်က လက်တွေ့ကိုပဲ စဉ်းစားတယ်။ ပကတိအခြေအနေကို အခြေခံပြီး လက်တွေ့ကို စဉ်းစားတဲ့အခါကြတော့ တအားကို နိမ့်ကျနေပါလား။ ဝင်ငွေတိုးလာရင် သူတို့ရဲ့ အိမ်မက်တွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ သာသမီးတွေရဲ့ ပညာရေး၊ တဲအိမ်ကနေ သွပ်မိုးအိမ်လေး၊ ဓရံကာကနေမှ ပျဉ်ထောင်အိမ်လေး တဆင့်ချင်း တိုးတက်လာစေဖို့ ကျွဲ၊နွားနဲ့ လုပ်နေရတဲ့ အခြေအနေကနေ လက်တွန်းထွန်စက်လေး ဖြစ်လာဖို့ ဝင်ငွေလိုတယ်။ 

ဝင်ငွေတိုးအောင် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်တစ်ယောက်တည်း ရှာတာမဟုတ်ဘူး။ ပညာရှင်တွေနဲ့ အဖြေရှာတဲ့အခါ -

(၁)စိုက်ပျိုးထွက်ရှိလာသည့် သီးနှံများအပေါ် စီးပွားရေးတွက်ခြေကိုက်မှုရှိပြီး ခိုင်မာသောဈေးကွက်ရရှိအောင် လက်တွေ့ဆောင်ရွက်ပေးရမည်။

ပိုလျှံတဲ့ သီးနှံတွေကို ခိုင်မာတဲ့ဈေးကွက်ရအောင် လုပ်ပေးရမယ်။ ဒါက နံပါတ်တစ်။


(၂) ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မည့် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးစိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများ ပေါ်ထွန်းလာရေး အားပေးကူညီဆောင်ရွက်ရမည်။

မျိုးစေ့မှ မကောင်းရင် ဘယ်လိုလုပ် ထွက်နှုန်းကောင်းတော့မလဲ။ မျိုးစေ့မမှန် ပင်မသန်။ အဲဒီတော့ ကျွန်တော်တို့က မျိုးစေ့ထုတ် ကုမ္ပဏီတွေလိုတယ်။ အခြေခံလိုအပ်ချက်တွေပေါ့။ 


(၃) သိပ္ပံနည်းကျ စိုက်ပျိုးစနစ်များကို လက်တွေ့အသုံးပြုရမည်။

ဒါတွေက သိပ်ခက်ခဲတာမဟုတ်ဘူး။ သိပ္ပံနည်းကျစိုက်ပျိုးစနစ် ဆိုတာ လေယဉ်ပျံကြီးထုတ်တာမဟုတ်ဘူး။ နူးကလိယားဗုံးထုတ်တာ မဟုတ်ဘူး။ စိုက်ပျိုးရေးနည်းပညာက ဘယ်မှာဖြစ်ဖြစ် ရနိုင်တယ်။ ဒါပေမယ့် မကျင့်သုံးကြဘူး။ တောင်သူလယ်သမားတွေက traditional ပဲ သွားတယ်။ Old Method ပေါ့နော်။ အဲဒါကို ခေတ်မှီ စိုက်ပျိုးစနစ် သွားဖို့ အတွက် စိုက်ပျိုးရေးပညာရှင်တွေက ကွင်းထဲကို ပို့ပေးရမယ်။ နိုင်ငံတကာသင်တန်းတွေ တက်ထားတဲ့ ပညာရှင်တွေ Master, Docter တွေ အများကြီး ရှိတယ်။ ဒီပညာရှင်တွေရဲ့ ပညာတွေကို လယ်ကွင်းထဲရောက်အောင် ပို့ရမယ်။


(၄) သွင်းအားစု (သဘာဝမြေဆီ၊ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေ) တို့ကို အချိန်ကိုက်၊ အချိုးကျ အသုံးပြုနိုင်အောင် လက်တွေ့အားပေးကူညီရမည်။

သွင်းအားစု ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ ပိုးသတ်ဆေး ဒါတွေကို စိုက်ပျိုးရေးမှာ အခြေအနေ အချိန်အခါနဲ့ ကိုက်ညီစွာ သုံးတတ်အောင် မတန်တဆဈေးကြီးပေးရတဲ့ ဘဝက လွတ်မြောက်အောင် လုပ်ပေးရမယ်။


(၅) စိုက်ပျိုးရေးထွက်ကုန်များကို ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်နိုင်မည့် စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများ ထိထိရောက်ရောက် ထူထောင်နိုင်ရေး အားပေးကူညီရမည်။

ကုန်ကြမ်းနဲ့ပဲ ရောင်းရင် ဈေးနည်းနည်းပဲ ရမယ်။ သေသေချာချာ တခါတည်း နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်အောင် သဘောကတော့ ခွဲစိတ်၊ ဖြတ်တောက်ပြီး ပါကင်ကောင်းကောင်းနဲ့ အေးခဲမယ်။ Myanmar Product ဆိုတဲ့ Brand ကောင်းကောင်းနဲ့ တင်ပို့ရောင်းချနိုင်မယ်ဆိုရင် တန်ဖိုးမြင့်မှာပေါ့။ မြေပဲ၊ နှမ်း ကြိတ်ခွဲပြီး Out Come ကောင်းကောင်း ရအောင် လုပ်လိုက်မယ်ဆိုရင် စားသုံးဆီ ဖူလုံသွားမယ်။ ဘေးထွက်ပစ္စည်း ပဲဖတ်၊ နှမ်းဖတ် တွေကို တိရစ္ဆာန်အစားအစာ ပြန်သုံးမယ်။ value added လုပ်နိုင်ရမယ်။ ဆန်ကောင်းကောင်း ရဖို့အတွက်ဆိုရင် GAP နဲ့ စိုက်ပျိုးပြီးတော့မှ ခေတ်မီဆန်စက်ကြီးတွေနဲ့ ကြိတ်ခွဲဖို့ လိုတယ်။ မောင်းထောင်စက်၊ ဟာလာစက်နဲ့ဆိုရင် အကျိုးအကြေတွေများမယ်။ စပါးခွံတွေပါမယ်။ အဲဒါဆိုရင် ဈေးကောင်းမရတော့ဘူး။ ခေတ်မီ ဆန်စက်တွေနဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင် ဆန်တစ်တန်ရဲ့ တန်ဖိုးဟာ အများကြီး မြင့်တက်သွားမယ်။ အကျိုးအကြေတွေများတဲ့အခါကြတော့ တိရစ္ဆာန်အစားအစာနဲ့ အရက်ချက်ဖို့လောက် မုန့်လုပ်ဖို့လောက် ကျွန်တော်တို့ ဆန်ကို ဈေးနှိမ်ပြီးဝယ်တယ်။ ထိုင်း၊ ဗီယက်နမ်တို့က ထုတ်တဲ့ဆန်ကြတော့ ကြည့်လိုက်တာနဲ့ တခါတည်း လှပြီးတော့ ကြည်လင်တောက်ပနေတာ။ အဲဒါ စပါးစိုက်တဲ့အချိန်မှာလည်း သိပ္ပံနည်းကျ စိုက်တယ်။ ကြိတ်ခွဲတဲ့အချိန်မှာလည်း ခေတ်မှီစက်တွေနဲ့ ကြိတ်ခွဲတဲ့အခါကြတော့ တန်ဖိုးမြင့်တယ်။ ထွက်လာတဲ့ စပါးခွံကိုလည်းပဲ လောင်စာအဖြစ် အသုံးပြုပြီး လျှပ်စစ်ထုတ်တယ်။ ဖွဲနုကိုလည်းပဲ တိရစ္ဆာန်အစားအစာ လုပ်တယ်။ Supply Change မှာ Value added တွေနဲ့ ဘေးထွက်ပစ္စည်းတွေကိုလည်း အကျိုးရှိအောင် သုံးတယ်။ အခြေခံ တောင်သူလယ်သမားတွေ ဒါမှ ဈေးကောင်းရမှာပေါ့ဗျာ။

(၆) စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်လွန်၊ တန်ဖိုးမြင့်ကုန်ချောထုတ်လုပ်ပြီး ဈေးကွက်သို့တင်ပို့ရောင်းချသည့်အဆင့်အထိ လေလွင့်ဆုံးရှုံးမှုများ၊ ထုတ်လုပ်မှုနှင့် သယ်ယူရောင်းဝယ်လွှဲပြောင်းမှု ကုန်ကျစရိတ်များကို လျော့နည်းသက်သာအောင် လက်တွေ့ အားပေးကူညီဆောင်ရွက်ရမည်။

ပါကင်အပါအဝင်ပေါ့ တန်ဖိုးမြှင့်ထုတ်ကုန် ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့ စူပါမားကတ်ကြီးတွေမှာ တွေ့နေရတဲ့ ပါကင်ပုံစံအမျိုးမျိုး၊ Brand အမျိုးမျိုးနဲ့ တွေ့နေရတာ။ ဒါကို ကျွန်တော်တို့က လုပ်နိုင်ရင် အခြေခံထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေရော၊ Supply Change ကြီးတစ်ခုလုံးမှာ ရှိတဲ့သူတွေ အကျိုးရှိတာပဲ။ ဒါကို လုပ်ပေးရင် ကျွန်တော်တို့ ဝင်ငွေနှစ်ဆတိုးမယ်။ ကျွဲကူး ရေပါပဲ။

တကယ်စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူလယ်သမားတွေမှာ ဘာအကျိုးအမြတ်မှ မရှိဘဲ လည်နေတာပဲ။ ဒီအခြေအနေကနေ လွတ်မြောက်အောင် ကျွန်တော်လုပ်ပေးနိုင်တယ်။ ကျွန်တော်တို့ သမ္မတကြီးဦးသိန်းစိန် လက်ထက်မှာ လုပ်ပေးနိုင်ခဲ့တဲ့ မှတ်တမ်းတွေလည်း ရှိပါတယ် လို့ ရှင်းလင်းပြောဆိုသွားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်နောက်ပိုင်း NLD အစိုးရလက်ထက် အခြေအနေနဲ့ ပတ်သက်လို့ ဦးမြင့်လှိုင် က -

အကြံတူရင် နောက်လူသာစမြဲပါပဲ။ သာလိမ့်မယ်လို့ တွက်တာပေါ့နော်။ အကြံမတူဘူး။ ကျွန်တော်တို့က တိုင်းပြည်ကောင်းဖို့ လုပ်တာ။ သူတို့က တိုင်းပြည်ပျက်အောင် လုပ်တော့ ပြောင်းပြန်ဖြစ်သွားတာပေါ့။ 

တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တကြောင့် စစ်ကိုင်းတိုင်းလို ဒေသကြီးမှာ တောင်သူလယ်သမားတွေရဲ့ ကျွဲ၊နွားတွေကို အကြမ်းဖက်သမားတွေက သတ်စား၊ လယ်ယာသုံးစက်ပစ္စည်းတွေကို သိမ်းဆည်းရယူတဲ့အခါ တောင်သူတွေမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းခူးဆွတ်ခွင့် မရတဲ့အခြေအနေအပေါ် မေးမြန်းရာမှာတော့ -

ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်လာပြီဆိုရင်တော့ အိတ်သွန်ဖာမှောက် လုပ်ရမှာပဲ။ ဒီလို အကြမ်းဖက်ဘေးအန္တရာယ် ခံစားခဲ့ရတဲ့ နေရာတွေကို ဦးစားပေးလုပ်ရမှာပဲ။ ကျွန်တော် မကြာ မကြာ ပြောဖူးတယ်။ နေပြည်တော်နှင့် အနီးတစ်ဝိုက် သာယာနေလို့ မရဘူး။ ရန်ကုန်နှင့် အနီးတဝိုက် လုံခြုံနေလို့ မရဘူး။ အဲဒီလို ဒုက္ခ သုက္ခရောက်နေတဲ့ နေရာတွေက ပြည်သူတွေရဲ့ ယုံကြည်မှုကို ရအောင် ကျွန်တော်တို့က ဦးစားပေးပြီး လုပ်ရမှာ။ နိုင်ငံတော်အစိုးရက Road Map အတိုင်း ဘယ်နေ့ ရွေးကောက်ပွဲကျင်းပမလဲ။ လုပ်ပြီဆိုရင် ကျွန်တော်တို့ နိုင်အောင် ကြိုးစားရမယ်။ နိုင်အောင်ကြိုးစားပြီးရင် တကယ့် လက်တွေ့ အဲဒီနယ်မြေတွေကို ကျွန်တော်တို့က အဲဒီဒေသတွေကို ဦးစားပေးပြီးတော့မှ သာယာဖွံ့ဖြိုးတဲ့ ဒေသဖြစ်အောင်၊ တည်ငြိမ်အေးချမ်းတဲ့ ဒေသဖြစ်အောင် ဦးစားပေးလုပ်ရမှာဖြစ်တယ်။ Recovery, Resettlement ဦးစားပေးလုပ်ရမှာ လို့ ပြောဆိုဆွေးနွေးသွားပါတယ်။


တောင်သူလယ်သမားတွေ ဝင်ငွေ နှစ်ဆတိုးစေဖို့ ပြည်ခိုင်ဖြိုးပါတီက တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင် ရဲ့ ဆွေးနွေးတင်ပြချက်မှာ အဓိက အပိုင်းကတော့ GAP စနစ်ကို မှန်ကန်စွာ အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း၊ Government Policy မှန်ဖို့ လိုအပ်ကြောင်း၊ Government Leadership မှန်ဖို့ လိုအပ်ကြောင်း၊ Government Support မှန်ကန်ဖို့ လိုအပ်ကြောင်း၊ A က Assistant အချိန်တန်ရင် တောင်သူလယ်သမားက သူ့အိမ်လေး သူ ပြင်ချင်တယ်။ သူ့သားသမီးကို ရှင်ပြုချင်တယ်။ သူ့သားသမီးတွေရဲ့ ပညာရေးကို မြင့်မားစေချင်တယ်။ ဆင်းရဲတွင်း နစ်နေတဲ့ ဘဝတွေကို ကျွန်တော်တို့ ဘယ်လို ဆွဲတင်ပေးမလဲ။ အတိုးနှုန်းသက်သက်သာသာနဲ့ ဘယ်လို လုပ်ပေးမလဲ။ ကျွန်တော်တို့အစိုးရလက်ထက်မှာ တပ်မတော်အစိုးရလက်ထက် ကထက် ပိုပြီး ချေးငွေတွေ ပိုထုတ်ပေးလိုက်တယ်။ အဲဒီအချိန်တုန်းက ကုန်ဈေးနှုန်းနဲ့ လယ်ယာလုပ်သားခဈေးနှုန်း ကာမိအောင် လုပ်ပေးတယ်။ အခက်အခဲ တစ်ခုခုကြုံတွေ့လာရင် ကျွန်တော်တို့ ချက်ချင်းဖြေရှင်းပေးတယ်။ ကျွန်တော်တို့ အစိုးရလက်ထက်မှာပဲ ဥပဒေတွေ ပြဋ္ဌာန်းပေးခဲ့တယ်။ ဒီဥပဒေတွေ လက်တွေ့အကောင်အထည်ဖော် (Apply) လုပ်လိုက်ရင် လယ်သမားတွေ ဘဝ ပြောင်းလဲသွားပြီ။ Assistant မှာ Technical Assistant, Financal Assistant က တောင်သူလယ်သမားတွေ ဖူလုံမှုရှိအောင် လုပ်ပေးဖို့ လိုတယ်။ သူတို့ ယုံကြည်လာအောင်၊ ပူးပေါင်းဆောင်ရွက်လာအောင် လုပ်ဖို့ လိုတယ်။ Pကတော့ People (ပြည်သူ) ကလည်း ဝင်ငွေနှစ်ဆ တိုးချင်ရင် တကယ်အလုပ် လုပ်ဖို့လိုတယ်။ နိုင်ငံတော်ကလည်း လိုအပ်ချက်တွေကို ပံ့ပိုးဖို့ လိုတဲ့အကြောင်း ဖြေကြားသွားပါတယ်။


နောင်တော်လေး (ဘိုကလေး)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)