MNP - ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသတွင်း သဘာဘေးရင်ဆိုင်တုံ့ပြန်ရေးလုပ်ငန်းများ၌ ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဆန်းဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ချရေးနေ့အထိမ်းအမှတ် မှတ်တမ်းရုပ်သံအား ပြသရှင်းလင်းခဲ့သည်။
သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့က ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများ၊ မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ်များ၊ ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်များ၊ မီးဘေးအန္တရာယ်နှင့် ရှာဖွေကယ်ဆယ်ရေး၊ အရေးပေါ်အခြေအနေနှင့် ပြည်သူ့ကျန်းမာရေး၊ ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ စိတ်ပိုင်းနှင့် လူမှုပိုင်းဆိုင်ရာများပြန်လည်ထူထောင်ပေးခြင်း၊ ရပ်ရွာလူထုအခြေခံသော ဘေးအန္တရာယ်စီမံခန့်ခွဲမှု စသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာတို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment