MNP - ဇန်နဝါရီ ၂၅
ဝတ်ကြီးလိုဏ်ဂူသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် မှန်ကင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း တည်ရှိကာ လိုဏ်ဂူအတွင်းမှ နံရံဆေးပန်းချီများမှာ ပျက်စီး ယိုယွင်းနေပြီဖြစ်ပြီး မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်ဝန်းကျင်ခန့်က ရေးဆွဲခဲ့ကြကြောင်း သမိုင်းသုတေသီများက ဆိုကြသည်။
မင်းဘူးဆရာတော် ဦးဩဘာသရေးသားခဲ့သော ဇာတ်တော်ကြီး ရှစ်ဘွဲ့ထဲမှ တေမိယဇာတ်၊ မဟာဇနကဇာတ်၊ နေမိဇာတ်၊ မဟော်သဓာဇာတ်၊ စန္ဒကုမာရဇာတ်၊ နာရဒဇာတ် ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်များအပြင် ရှင်ပညာတိက္ခ ရေးသားသော သုဝဏ္ဏသာမဇာတ်နှင့် ရှင်နန္ဒမေဓာက ရေးသားသော ဘူရိဒတ်ဇာတ်တော်ကြီးများကို ဆေးစုတ်ချက် ကောင်းကောင်းဖြင့် အသက်ဝင်စွာ ရေးဆွဲ ပုံဖော်ထားသော်လည်း လက်ရာများက ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။
ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများတွင် များသောအားဖြင့် နံရံဆေးပန်းချီ ပန်းပုလက်ရာများမှာ ဆန်းပြားခမ်းနားစွာ ပုံဖော်ရေးဆွဲထားကြပြီး ရှေးခေတ် နန်းတွင်းမှ မင်းသား၊ မင်းသမီးပုံများ၊ စစ်သည်၊ များနှင့် ဆင်၊ မြင်း ဗိုလ်ပါပုံများ၊ နတ်သား၊ နတ်သမီးများ၊ ဇာတကဝတ္ထုများနှင့် ဇာတ်နိပါတ်တော်လာ ပုံများကို အများဆုံး ထုထွင်းရေးဆွဲကြသည်က များသည်။
ရှေးခေတ်မှ ပန်းချီပန်းပု သုခုမအနုလက်ရာများသည် ထူးချွန် ပြောင်မြောက်လှသောကြောင့် မြင်ရသူတို့၏ စိတ်နှလုံးကို ကြည်နူးစေသည်၊ အေးမြစေသည်၊ ရင်ထဲ၊ အသည်းထဲမှာ စွဲမြဲစွာ ထင်ဟပ်စေသောကြောင့် ကမ္ဘာအရပ်ရပ်မှ ခရီးသွားပြည်သူများက မြန်မာပြည်မှ ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများအား စိတ်ပါဝင်စားစွာ အပတ်တကုတ် လာရောက်လေ့လာ လည်ပတ်ကြခြင်းဖြစ်သည်။
ထိုကဲ့သို့ ရှေးမူ၊ ရှေးဟောင်း သုခုမအနုလက်ရာများထဲတွင် မင်းဘူးမြို့ မှန်ကင်းဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းမှ ဝတ်ကြီးလိုဏ်ဂူ၏ ရှေးခေတ်နံရံဆေးပန်းချီမျာသည် ပြန်လည်ပြင်ဆင် မွန်းမံလိုက်ပါက ရှေးမူလက်ရာများ ပေါ်လွင်လာကာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအတွက် လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် ထင်ဟပ်လာစေမှာ ဖြစ်ပါတော့သည်။
ဇေယျာထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment