MNP - ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျီတော်ကုန်းကျေးရွာ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ကျောက်တိုင်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုး ဦးဆောင်၍ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးနှင့် ဌာနဝန်ထမ်းများလိုက်ပါလျက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ် သိန်း(၁၀၀)နှင့် ကျေးရွာပြည်သူထည့်ဝင်ငွေကျပ် (၅၅)သိန်း လေးသောင်းကျော်တို့ဖြင့် ကျီတော်ကုန်း ကျေးရွာတွင် ဆောင်ရွက်သည့် ကွန်ကရစ်လမ်း အရှည်ပေ (၇၀၀)၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မ ရှိသည့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား စစ်ဆေးပြီး ကျေးရွာကော်မတီများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်လျက်ရှိသည့် ကျောက်တိုင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့နှင့်အတူ ကျေးရွာစီမံကိန်းဝင် အသင်းသား/ အသင်းသူများ စီမံကိန်းချေးငွေဖြင့် လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ကျေးရွာကော်မတီဝင်များ၏ ငွေစာရင်းဇယားများ ရေးသွင်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ရှင်းလင်းမှာကြားခဲ့ကြောင်း စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး ထံမှ သိရသည်။
တင်ဇာလွင်
https://t.me/MyanmarNationalPost


No comments:
Post a Comment