တပ်မတော်က အာဏာသိမ်းသည်ဟု စွပ်စွဲနေခြင်းမှာ မှားယွင်းနေပြီး အမှန်စင်စစ်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း အနောက်အုပ်စု မီဒီယာများကို ဗြိတိန်ဆိုင်ရာ မြန်မာသံရုံး က တုန့်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်က အာဏာသိမ်းသည်ဟု စွပ်စွဲနေခြင်းမှာ မှားယွင်းနေပြီး အမှန်စင်စစ်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း အနောက်အုပ်စု မီဒီယာများကို ဗြိတိန်ဆိုင်ရာ မြန်မာသံရုံး က တုန့်ပြန်


MNP ၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယုံတမ်းပြောစကားများနှင့် ဖြစ်ရပ်မှန်များ ဟူသော ခေါင်းစဉ်ဖြင့် လန်ဒန်အခြေစိုက် မြန်မာသံရုံး က တပ်မတော်က အာဏာသိမ်းသည်ဟု စွပ်စွဲနေခြင်းမှာ မှားယွင်းနေပြီး အမှန်စင်စစ်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း တုံ့ပြန်ထားသည်။


The Guardian သတင်းစာ၌ “The Guardian view on Myanmar’s military: in power but not in control” ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်နှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly  ရေးသားသော “Britain is not a passive observer on the world stage. We want oligarchs and dictators to fear us” ဆောင်းပါးတို့ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နှင့် ၉ ရက်တို့တွင် အသီးသီးဖော်ပြခဲ့ပါသည်။ 


အဆိုပါဆောင်းပါးများတွင် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ မဟုတ်မမှန်ရေးသားချက်များကို စိတ်ပျက်ဖွယ်တွေ့ရှိရပါသည်။ The Guardian ၏ ဆောင်းပါး များကို တုံ့ပြန်ရန် မြန်မာသံရုံး၊ လန်ဒန်မြို့မှ “Understanding myths and realities of Myanmar”  ခေါင်းစဉ်ဖြင့် စာလုံးရေ (၈၀၀)ခန့်ပါ The Guardian အယ်ဒီတာထံပေးစာကို The Guardian ၏ Readers’ Editor ထံသို့ရေးသားပေးပို့ခဲ့ပါသည်။ သို့ရာတွင် The Guardian ဆောင်းပါးပါ ရေးသားချက်များအပေါ် ပြင်ဆင်ချက်နှင့် အယ်ဒီတာ၏ စည်းကမ်းများအရ တုံ့ပြန်ချက် မလိုအပ်ဟုယူဆကြောင်းနှင့် မြန်မာသံရုံး၏ ဆောင်းပါးသည် The Guardian ၏ စာလုံးရေ (၃၀၀) ကန့်သတ်ချက်ကို ကျော်လွန်ပြီး စာရေးသူအမည် ဖော်ပြထားမှုမရှိသဖြင့် ရွေးချယ်ခြင်း မပြုခဲ့ကြောင်း မြန်မာသံရုံးသို့ The Guardian မှ အကြောင်းပြန်ကြားခဲ့ပါသည်။ 


သို့သော်လည်း The Guardian တွင် နေ့စဉ် ဖော်ပြနေသည့် အယ်ဒီတာ့ထံ ပေးစာများမှာ အဆိုပါစာလုံးရေ (၃၀၀)ကန့်သတ်ချက်ကို အမြဲ ကျော်လွန်လျက်ရှိကြောင်း မြန်မာသံရုံးမှ တွေ့ရှိရပါသည်။ အထက်ဖော်ပြပါ အခြေအနေ များကြောင့် လန်ဒန်မြို့ရှိ မြန်မာသံရုံး အနေဖြင့် The Guardian သတင်းစာတွင် မြန်မာနိုင်ငံ နှင့်ပတ်သက်၍ ဖော်ပြခဲ့သည့် ဆောင်းပါး (၂) ပုဒ် အပေါ် အောက်ဖော်ပြပါအတိုင်း တုံ့ပြန်အပ် ပါသည် -

မကြာသေးမီက The Guardian သတင်းစာတွင် ဖော်ပြခဲ့သည့် အယ်ဒီတာအာဘော်နှင့် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး၏ ဆောင်းပါးများသည် နိုင်ငံတော်အစိုးရအား ပြည်သူများအပေါ် ထင်သလို ရမ်းကားနေသည့် ပုံစံဖော်ညွှန်းရေးသားခဲ့ကြပါသည်။ အနောက်တိုင်း မီဒီယာများကြောင့် မြန်မာနိုင်ငံအပေါ် အထင်မှားအမြင်မှား ဖြစ်စေခဲ့သည့်အပြင် အနောက်နိုင်ငံများ အနေဖြင့် ၎င်းတို့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည် လွယ်ကူသော ပစ်မှတ်တစ်ခုဖြစ်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာသံရုံးအနေဖြင့် အောက်ပါအတိုင်း ဖြေရှင်းအပ်ပါသည်။


ရှေးဦးစွာ တပ်မတော်က အာဏာသိမ်းသည်ဟု စွပ်စွဲနေခြင်းမှာ မှားယွင်းနေပြီး အမှန်စင်စစ်မှာ အာဏာသိမ်းခြင်းမဟုတ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ပါသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် မမှန်ကန်မှုများ ရှိခဲ့ပြီး နိုင်ငံရေးပါတီများနှင့် တပ်မတော်က အလေးထား တောင်းဆိုခဲ့သော်လည်း ယခင်အစိုးရ လက်ထက်တွင် ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် အ‌ထွေထွေရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၃၈.၂၇ သန်းအနက် ၁၁.၃၀ သန်း (၂၉.၅၄ ရာခိုင်နှုန်း) မှာ မဲစာရင်းလွဲမှားမှုများရှိနေကြောင်း နောက်ပိုင်းတွင် စိစစ်တွေ့ရှိခဲ့ရပါသည်။ စေ့စပ်ညှိနှိုင်းရေးအတွက် တပ်မတော်အနေဖြင့် ဥပဒေဘောင်အတွင်းမှ လုပ်ဆောင်ခဲ့သော်လည်း လျစ်လျူရှုခြင်းကို ခံခဲ့ရပါသည်။ 


ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တစ်ဝှမ်း အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပါ။ တပ်မတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သူအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ကာ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြီးနောက် အနိုင်ရရှိသည့်ပါတီသို့ အခွင့်အာဏာ ပြန်လည်အပ်နှင်းရန် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပါ။


မတရားအသင်းများ ဖြစ်ကြသည့် CRPH ၊ NUG နှင့် PDF အဖွဲ့များအနေဖြင့် တရားဝင် ဖြစ်စေရန် ကြိုးပမ်းမှုများရှိသော်လည်း ၎င်းတို့သည် ပြည်ပရောက် နိုင်ငံရေးသမားများနှင့် အစွန်းရောက်များဖြင့် ဖွဲ့စည်းထားသည့် အကြမ်းဖက် အဖွဲ့အစည်းများသာ ဖြစ်သည်။ ငြိမ်းချမ်း‌မှုနှင့် တည်ငြိမ်ရေးကို အနှောင့်အယှက်ပြုရန်နှင့် အပြစ်မဲ့အရပ်သားများကို ကြောက်ရွံ့မှု တိုးမြှင့်လာစေရန် ၎င်းတို့သည် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်။ အပြစ်မဲ့ အရပ်သားများအား တိုက်ခိုက်ရန် လက်နက်ခဲယမ်းမီးကျောက်များနှင့် ပေါက်ကွဲ စေတတ်သော ဆက်စပ်ပစ္စည်းများကို ယင်းအဖွဲ့များထံမှ သိမ်းဆည်းရမိခြင်းတို့ကို ထောက်ရှု၍  ၎င်းတို့သည် အစိုးရဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အမြင်မတူသော နိုင်ငံရေး ပါတီဝင်များကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်နေကြောင်း သက်သေပြလျက်ရှိ ပါသည်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်အထိ အဆိုပါ မတရား အသင်းအဖွဲ့အစည်းများ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ (၄,၅၄၃)ဦး သေဆုံးခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်း နေချိန်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ချိုးဖောက်သူများကို ဥပဒေအရ အရေးယူခဲ့ပြီး ကျူးလွန်သူအချို့မှာ အကြမ်းဖက် ရာဇဝတ်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် သေဒဏ်ချမှတ်ခြင်းခံခဲ့ရ ပါသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံ‌တော်အစိုးရသည် လူသားချင်းစာနာ ထောက်ထားမှု အနေဖြင့် နိုင်ငံခြားသားများအပါအဝင် အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေး ခဲ့ပါသည်။ သို့သော်လည်း တစ်ဖက်တွင်မူ နိုင်ငံတော်အစိုးရသည် အကြမ်းဖက်သွေးထိုး လှုံ့ဆော်နေပြီး မိမိပြည်သူကို မိမိနှိမ်နင်းသကဲ့သို့ သရုပ်ဖော်ခံနေရပါသည်။ 


The Guardian အယ်ဒီတာ့အာဘော်သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် လုံးဝ ကွဲလွဲနေပါသည်။ အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝများကို အာမခံချက်ပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရမှ အပြည့်အဝတာဝန်ယူဆောင်ရွက်လျက်ရှိနေပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရွေးကောက်ပွဲ မသမာမှုများကို ဖြေရှင်းရေး၊ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ ငြိမ်းချမ်းရေးနှင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးတို့ အတွက် လမ်းပြမြေပုံ (၅) ရပ်ကို ချမှတ်ထားသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းအတွက် တစ်ခုတည်းသော လမ်းပြမြေပုံသာ ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် နှစ်နှစ်စလုံး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူများ အနေဖြင့် အကြမ်းဖက်လုပ်ရပ် များနှင့် COVID-19 ကြောင့် ခံစားခဲ့ရသည့် စီးပွားရေး အကြပ်အတည်းများ အခြေအနေမှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်မျှဆောင်ရွက်ပေးနိုင်ခဲ့သည်ကို သတိပြုမိကြပေလိမ့်မည်။ 


ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက ဗြိတိန်၏ ပိတ်ဆို့အရေးယူမှုများ ထိရောက်မှုနှင့် ပိတ်ဆို့ အရေးယူမှုများကို ဗြိတိန်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ထိရောက်စွာ မည်သို့မည်ပုံ ချမှတ်နိုင်ကြောင်း စောဒက တက်ခဲ့ပါသေးသည်။ သို့သော် ပိတ်ဆို့အရေးယူမှုများသည် အလုပ်မဖြစ်သည့် အပြင် သာမန်အခြေခံလူတန်းစားကို ထိခိုက်နေစေမည်သာ ဖြစ်သည်ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားခဲ့မိပုံ မရပေ။ ပိတ်ဆို့အရေးယူမှုများသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို နှောင့်နှေးစေမည်သာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများသည် ကိုလိုနီခေတ်၏ ဆိုးမွေများဖြစ်ကြောင်း သတိချပ်သင့်ပေသည်။  ဗြိတိန်အနေဖြင့် ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့ချိန်မှစ၍ ယနေ့အထိ ၎င်းတို့တွင် တာဝန်ရှိခဲ့ကြောင်း ဝန်ခံခဲ့ခြင်း မရှိသေးပေ။ 


မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန်သိ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ၏ စိုးရိမ်မှုများကို နားလည်ပါသည်။ သို့သော်လည်း အာဆီယံ၏ တူညီဆန္ဒ (၅) ရပ် အပါအဝင် ပြင်ပမှ လုပ်ငန်းစဉ်များသည် နိုင်ငံတော်အစိုးရ၏ လမ်းပြမြေပုံ (၅) ရပ်နှင့် ဆန့်ကျင်ဘက်မဖြစ်စေဘဲ သဟဇာတဖြစ်ရန် လိုအပ်ပါသည်။ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း၊ အချိန်ကာလသတ်မှတ်ခြင်းနှင့် ဖိအားပေးခြင်းတို့သည် မြန်မာနိုင်ငံအပေါ် အပြု သဘောဆောင်သော သက်ရောက်မှုများထက် ပိုမို၍ အပျက်သဘောဆောင်သည့်  သက်ရောက် မှုများကိုသာ ဖန်တီးပေးနေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ နားလည်မှု လိုအပ်နေပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို နိုင်ငံတကာ၏ ထောက်ခံမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း တုန့်ပြန်ထားသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)