MNP - ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာမာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မအီမြို့ပတ်ဝန်းကျင်ရှိ မာရ်ငါးပါးစေတီတော်များတွင် ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည့် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာရှိ အဓိဌာန်အောင်ဆုတောင်းပြည့်လျောင်းတော်မူဘုရားကြီး ရင်ပြင်တော်၌ ဆရာတော်သံဃာတော်များက (၃)ရက်တိုင်တိုင် ဆက်လက်ပူဇော်ခဲ့ကြရာ ယနေ့ နံနက်ပိုင်းက အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းပွဲကို မအီမြို့၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာကျောင်းရှိ အဆိုပါ လျောင်းတော်မူဘုရားကြီး ရင်ပြင်တော်၌ ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဌာန်းသိမ်းပွဲအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ တရားနာပရိတ်သတ်တို့က ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ဖွင့်လှစ်ခဲ့ကြပြီး အင်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များက မေတ္တာသုတ်တရားတော်အား ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ထို့နောက် ဆံထုံးကျောင်းတိုက် ဆရာတော်ထံ၌ အနုမောဒနာတရားများကို နာယူခဲ့ကြပြီး ဆရာတော်သံဃာတော်တို့အား နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှု အစုစုတို့အတွက် ဥက္ကံတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံ၌ ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ချက်ဖောက်ကျောင်းဆရာတော်က တရားနာလာရောက်ကြရန် ဖိတ်ကြားထားသည့် နတ်ဗြဟ္မာတို့အား တရားတော်ဖြင့် ပြန်ပို့ခဲ့သည်။ ထို့နောက် ပူဇော်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပြီး အောင်မြင်စွာရုတ်သိမ်းခဲ့ သိရသည်။
ဖော်ပြပါ ပဌာန်ပူဇော်ပွဲများကို မြောက်ဦးဆရာတော်ဘုရားကြီး၏ မိန့်မှာချက်ဖြင့် ပြာသိုလဆုတ်(၃)ရက်နေ့က ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်မှ စတင်၍ မာရ်ငါးပါးစေတီတော်များ၌ ဆရာတော်သံဃာတော်များက ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြရာ ယနေ့ပဌာန်းသိမ်းပွဲတွင် (၉)ရက်တိုင်ခဲ့ပြီဖြစ်ကြောင်းတို့ကို အဆိုပါ ပဌာန်းသိမ်းပွဲ၌ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သည့် မအီမြို့၊ ရတနာမာရ်အောင်ကျောင်းတိုက်ဆရာတော် အရှင်ခေမာစာရက သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment